၂၀၁၄ ကို ဘယ်လို အဆုံးသတ်မှာလဲဆန့်ငင်ဆန့်ငင်ဖြင့် ဖုတ်လှိုက်ဖုတ်လှိုက် အသက်ရှူနေသော ၂ဝ၁၄ ခုနှစ်သည် နိဂုံးကမ္ပတ်အဆုံးသတ်လုပြီ။ မြန်မာနိုင်ငံသားများအဖို့ ၂ဝ၁၄ ခုနှစ်ကို မသေမပျောက် အောင်မြင်စွာကျော်ဖြတ်နိုင်ရန် နီးစပ်နေပြီဟုဆိုနိုင်သည်။ ၂ဝ၁၄ ခုနှစ်ကို ဘောလုံးပွဲတစ်ပွဲဟု သဘောထားပါက နာကျင်အချိန်ပို (Injury Time) သို့ ရောက်ရှိနေပြီဖြစ်သည်။ နာကျင်အချိန်ပိုရောက်ခါမှ ဂိုးသွင်းခံရပြီး ရှုံးနိမ့်ရသည့်အဖြစ်မျိုးကို မည်သူမျှမခံစားလိုကြပါ။ သို့သော် မြန်မာနိုင်ငံသားများအဖို့ ကုန်ဆုံးခါနီး ၂ဝ၁၄ က ထွက်ခတ် ခတ်နေသည်ဟုဆိုနိုင်သည်။နာကျင်အချိန်ပိုရောက်ခါမှ ရှုံးနိမ့်ရမည့်အဖြစ်မျိုးပင်။ ၂ဝ၁၄ ကုန်ဆုံးခါနီးမှ ကံကြမ္မာဆိုး၏ အရိပ်လက္ခဏာများဟုဆိုနိုင်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။ “၂ဝ၁၄ က ဘယ်လိုအဆုံးသတ်သွားမှာလဲ”ဟု တွေးမိလေတိုင်း သက်ပြင်းအခါခါ ချကြရသည်။အစိုးရသစ်လက်ထက်သာမက မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက် အရှည်ကြာဆုံးသပိတ်စခန်းတစ်ခုဖြစ်သည့် မိကျောင်းကန်အရေးက ယခုအထိမပြေလည်သေး။ သပိတ်စခန်းမှ သက်ကြီးရွယ်အိုများအပါအဝင် ဆန္ဒပြသူများက အစိုးရ၏ တာဝန်ယူဖြေရှင်းပေးခြင်း မရှိမှုအပေါ် ရန်ကုန်မြို့တော်ခန်းမ ဝင်ပေါက်ရှေ့ပိတ်ဆို့ကာ ထပ်မံဆန္ဒပြခဲ့သည်။ ထုံးစံအတိုင်း နံနက်အရုဏ်တက်ချိန်တွင် လုံခြုံရေးအင်အားများဖြင့် ဝင်ရောက်ဖြိုဖျက်ဖမ်းဆီးကာ တရားစွဲဆိုခဲ့သည်။၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အတိုက်အခံ NLD ပါတီ ရာနှုန်းပြည့်နီးပါး အနိုင်ရပြီးနောက် ပေါ်ပေါက်ခဲ့သည့်ပဋိပက္ခများ ငြိမ်သက်သွားချိန်၊ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် လူထုစိတ်ဝင်စားမှု အစပြုလာချိန်တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဠ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက တိုင်းပြည်ဆူပူမှုဖြစ်ပါက စစ်တပ်က အာဏာသိမ်းရမည်ဖြစ်ကြောင်း သတိပေးသယောင်၊ ခြိမ်းခြောက်သယောင် ပြောဆိုလိုက်ပြန်သည်။များမကြာမီတွင်ပင် တအုံနွေးနွေးဖြင့် ပြဿနာမပြေလည်သေးသည့် လက်ပံတောင်းတောင်အရေးက တစ်ကျော့ပြန် ပေါ်ပေါက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ထိပ်တိုက်ပဋိပက္ခဖြစ်ပွားကာ ဒေသခံ အသက် ၅ဝ ကျော် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ ဒေသခံ ၄ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။၂ဝ၁၃ မှစ၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေး ငြိမ်းချမ်းရေးစားပွဲဝိုင်းဆွေးနွေးပွဲများ တောက်လျှောက်ပြုလုပ်ခဲ့သည်။ အဆုံးသတ်အဖြေမရသေးသော်လည်း မျှော်လင့်ချက်ရောင်ခြည်များ သန်းလာသည်ဟု ယူဆနိုင်သည့်အနေအထားမျိုး ဖြစ်သည်။ သို့သော် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလအတွင်း ကေအိုင်အေဗိုလ်သင်တန်းကျောင်းအတွင်း တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ၂၃ ဦး သေဆုံးသည့်ဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် အခြေအနေများ ရုတ်တရက်ပြောင်းလဲသွားသည်။မည်သို့ပင်ဆိုစေကာမူ လူတို့သည် ပျော်ရွှင်ချမ်းမြေ့ဖွယ်အိပ်မက်များအတွင်း ဆက်လက်အိပ်စက်လိုကြသော်လည်း အိပ်မက်ဆိုးများအတွင်းမှ အမြန်နိုးထလိုကြသည်။ စိတ်ပျက်ဖွယ်နေ့တစ်နေ့ကို အမြန်ကုန်ဆုံးလိုကြပြီး ပါကင်မဖောက်ရသေးသည့် မျှော်လင့်ချက်အသစ်စက်စက်များ သယ်ဆောင်လာမည့် နေ့သစ်တစ်နေ့ကို စောင့်မျှော်လိုကြသည်။ ၂ဝ၁၄ တည်းဟူသော စိတ်ပျက်ဖွယ်အိပ်မက်ဆိုးမှ နိုးထကာ ၂ဝ၁၅ တည်းဟူသော နေ့သစ်တစ်ရပ်၌ ပျော်ရွှင်ချမ်းမြေ့စရာ တစ်စုံတစ်ရာ ပါလာနိုင်ကောင်းပါရဲ့ ဟု စောင့်မျှော်လိုကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းအတွက် စိတ်ပျက်ဖွယ် ကံကြမ္မာများနှင့် နှစ်တစ်နှစ် အမြန်ကုန်ဆုံးသွားပါစေဟုသာ The Daily Eleven သတင်းစာက ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။
ဒီဇင်ဘာလ ၂၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Most Read
Most Recent
6 hours ago








