ပီမိုးနင်း၏ ကြီးပွားရေးလမ်းညွှန်

ပီမိုးနင်း၏ ကြီးပွားရေးလမ်းညွှန်
Published 24 December 2014
မြေနီသစ္စာ

လောက၌ ပညာတတ်တိုင်း မကြီးပွား။ ဝီရိယရှိတိုင်းလည်း မကြီးပွား။ ရိုးသားတိုင်းလည်း မချမ်းသာ။ အချက်ကိုတတ်မှ ချမ်းသာနိုင်လေ၏။ ယခုခေတ်သည် ခလုတ်ကို နှိပ်သော လျှပ်စစ်ခေတ်ဖြစ်၏။ နွားနှင့်ကျွဲနှင့် မြင်းနှင့်အတူ ရုန်းသောခေတ် မဟုတ်ပေ။ သို့ဖြစ်လေရာ စိတ်အကြောင်းကို သိသဖြင့် ခလုတ်ကို နေရာတကျ နှိပ်တတ်ဖို့အရေးကြီးလေသည်။
ထိုသို့နှိပ်တတ်လေအောင် အကြားအမြင်ဗဟုသုတ များရ၏။ စုဆောင်းရ၏။ ရှာဖွေရ၏။ စုံစမ်းရ၏။ သို့မှ မှားသောခလုတ် မှန်သောခလုတ် တစ်ခုသည် တစ်သက်ပန် အသုံးဝင်၏။
ရည်မှန်းချက်တစ်ခုမှ မရှိသောသူသည် ပဲ့မပါသော သင်္ဘောလွှင့်သူနှင့် တူလေ၏။
အတွေးပျော့လျှင် သတ္တိတန်ခိုးပျော့၏။ အတွေးမာလျှင် သတ္တိတန်ခိုး တိုးတက်ရလေသည်။
ဤဘဝသည် လွန်စွာတို၏။ တိုသောဘဝ၌ ပျော်အောင်နေတတ်မှသာ လူလိမ္မာဖြစ်ချေမည်။ အသင်သွားရောက်မည့် နေရာကို မသိကလည်း အလွန်ပျော်မည် မဟုတ်ပေ။ သို့ဖြစ်လေရာ ယခုကစ၍ ရောက်မည့်အခြေအနေကိုသာ သေချာစွာ ဆုံးဖြတ်ပါလေ။
လောကကြီး၌ အကြီးဆုံးရန်သူသည် အကြောက်ဖြစ်၏။ ကြောက်ရွံ့ခြင်းသည် ကြောက်မက်ဖွယ်ရာ အကောင်းဆုံးဖြစ်၏။ အကြောက်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရာမရှိပေ။
ယခုခေတ်နှင့်ဆိုင်ရာ သိစရာ၊ မှတ်စရာ တတ်စရာတွေ သင်၍မကုန်နိုင်အောင် များ၍နေသည့်အထဲတွင် ယခုအခါ အသုံးမဝင်တော့သည်ဖြစ်သော ရှေးအရေးရှေးအရာတို့ကို ရှာဖွေနှိုက်ချွတ်မှတ်သား၍ သတင်းစာများ၌ အချေအတင် ရေးသားကြချေက အမျိုးသားများ နစ်မွန်းသွားဖို့သာ ရှိပေသည်။
မိတ်ကောင်းဆွေကောင်း၊ အပေါင်းအသင်း အလိုရှိသူများအတွက် အပြစ်ရှာတတ်သော စိတ်ဓာတ်ကို တတ်နိုင်သမျှ ဖျောက်ပစ်ခြင်းသည် အကောင်းဆုံးဖြစ်၏။
အတင်းပြောခြင်းသည် အဖျင်းပြောခြင်းနှင့် ညီအစ်မတော်စပ်ပေရာ မိတ်ပျက်စေတတ်သော အဓိကအချက်ကြီး တစ်ရပ်ပင်ဖြစ်လေသည်။
မေတ္တာဓာတ်သည် အသင်မိတ်ဆွေဖွဲ့လိုသူကို မဆိုထားဘိ အသင်၏ရန်သူကိုပင် အောင်မြင်နိုင်၏။ သံမဏိကဲ့သို့ မာကျောသောစိတ်ကိုပင် ကိုယ့်ဘက်သို့ယိုင်လဲ ညွတ်ပျောင်း၍လာစေရန် ဖန်တီးနိုင်၏။ သံချောင်းကို ဖယောင်းဖြစ်စေနိုင်သော သတ္တိရှိလေသည်။
အသင်နှင့်တွေ့ခါစ သူများသည် အသင်၏ရုပ်လက္ခဏာကို ပထမကြည့်၍ အကဲခတ်၏။ အသင်၏ ဥပဓိရုပ်ကိုကြည့်၍ ဆုံးဖြတ်၏။ ဆိုလိုသည်မှာ ထိုသူတို့သည် အသင်၏ အဝတ်အစားကိုသာမဟုတ်၊ အသင်၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ မျက်နှာအနေအထား၊ သွားပုံလာပုံပြောပုံဆိုပုံ၊ ဟန်ပန်လေသံကစ၍ အလုံးစုံခြုံပြီးလျှင် အသင့်ကို အကဲခတ်လေသည်။
လူကိုမမြင်ရဘဲ နားနှင့်သာကြားရသော အသံ၌ပင် ချိုမြသာယာသောအသံသည် အနိုင်ရတတ်ကာ ပြုံးရွှင်ချိုသာသော မျက်နှာသည် အခါခပ်သိမ်း အောင်မြင်ရမည်မှာ မလွဲနိုင်ချေ။
လူအများ၏ လေးစားမှုကိုခံလိုလျှင် ဝတ်စားဆင်ယင်ရာတွင် သူ့နေရာနှင့်သူ သုံးတတ်ပါစေ။
ကောင်းစွာရွေးချယ်အပ်သော စကားလုံးများဖြင့် ချိုသာယဉ်ကျေးစွာ ပြောဆိုခြင်းသည် ကြားရသူတို့အား မိမိအပေါ်တွင် မေတ္တာစိတ်ကို ဖြစ်ပေါ်စေ၏။ ယိုဖိတ်ညွတ်နူးစေနိုင်၏။ ဘေးအန္တရာယ်များကို ဖယ်ရှားစေနိုင်၏။ ဆူးငြောင့်ခလုတ် တံသင်းများကို သုတ်သင်ဖယ်ရှင်း၍ ပေးသကဲ့သို့ရှိ၏။ ကြားရသူတို့အား ကဏ္ဏရသတည်းဟူသော နားအရသာကိုပေး၏။ ချိုသာသောစကားလုံးသည် အပြစ်တင်သော စကားပင်ဖြစ်စေကာမူ၊ ကြားသူ၌ခံသာ၏။ ဆေးခါးကြီးကို သကြားအုပ်၍ ကျွေးသကဲ့သို့ ကောင်းစွာစားသုံးနိုင်၏။
စိတ်ပျက်သူကိုအားပေးပါ။ စိတ်ထန်သူကို ခယနှိမ်ချပါ။ အကြံတောင်းသူကို အကြံပေးပါ။
ဘယ်သူမပြုမိမိမှု ဆိုသကဲ့သို့၊ လူတစ်ယောက်သည် ဆရာအထူးရှာဖွေ၍ နေရန်မလို။ မိမိကိုယ်သာလျှင် မိမိဆရာဖြစ်၍ အောင်မြင်မှု၊ ဆုံးရှုံးမှု၊ တိုးတက်မှု၊ ဆုတ်ယုတ်မှုတို့မှာ မိမိကိုယ်တိုင် အတွင်းစိတ်ကို ကောင်းစွာခွဲခြားဝေဖန်၍ သုံးသပ်နိုင်သော အသိဉာဏ်အပေါ်၌ လုံးဝတည်ရှိလေသည်။
ကျန်းမာခြင်းသည် လူ၌အကြီးဆုံးသော လာဘ်ကြီးတစ်ခုဖြစ်၍ ဥပဓိရုပ်ဖွံ့ဖြိုးမှုတွင် အထင်အရှားဆုံး၊ အရေးအကြီးဆုံး ဖြစ်လေသည်။ ကျန်းမာခြင်းရှိသူ၌ မျှော်လင့်ချက်ရှိ၏။ မျှော်လင့်ချက်ရှိသူတွင် မည်သည့်အရာမျိုးမဆို ပြည့်စုံနိုင်၏။
လောကတွင်မဖြစ်၍ မလုပ်ခြင်းက နည်းပါး၍ မလုပ်၍မဖြစ်ခြင်းက များလေသည်။ ရိုးသားဖြောင့်မတ်မှုရှိပါစေ။ ဟန်မဆောင်ပါနှင့်။ အသင်၏ ရိုးသားခြင်းသည် ဟန်မဆောင်သည့် ရိုးသားမှုသာဖြစ်ပါစေ။ မူမှန်သောရိုးသားမှုသာလျှင် အဖိုးထိုက်တန်ဆုံး ဖြစ်သည်ကို သတိပြုပါလေ။ ရိုးသားပါစေဆိုရာ၌ ကိုယ့်ကိုယ်နှိုက်ပင် ရှေးဦးစွာရိုးသားပါစေ။ သို့မှသာလျှင် သူတစ်ပါးအပေါ်၌ ရိုးသားနိုင်မည် မဟုတ်ပါလော။
လူအချို့သည် တန်ရာတန်ဖိုးပေးသောအားဖြင့် အောင်မြင်မှုကိုရကြသည်။ အချို့မှာ အောင်မြင်ရန် စိတ်စောလျက်ရှိသော်လည်း တန်ရာတန်ဖိုးကို မပေးလိုသောကြောင့် အောင်မြင်မှုမှ လွဲချော်ရလေသည်။
ပီမိုးနင်းသည် သူ၏တက်ကျမ်းများဖြင့် အမျိုးသားကြီးပွားရေးကို လမ်းညွှန်ပြသခဲ့သည်။ ဤစာစုသည် သူ၏တက်ကျမ်းများထဲက ကော်နုတ်ချက်များ ဖြစ်ပါသည်။

Most Read

Most Recent