လက်ပံတောင်းတောင်ပဋိပက္ခနှင့် ပတ်သက်၍ သမ္မတရုံးကြေညာချက်အတုဟု ဆိုပြီး မှူးဇော်နှင့် ဦးရဲထွဋ်တို့ ဖြန့်ချိခဲ့သော Facebook Status မှာ စာရေးဆရာမင်းဒင်၏ သရော်စာဖြစ်နေ

လက်ပံတောင်းတောင်ပဋိပက္ခနှင့် ပတ်သက်၍ သမ္မတရုံးကြေညာချက်အတုဟု ဆိုပြီး မှူးဇော်နှင့် ဦးရဲထွဋ်တို့ ဖြန့်ချိခဲ့သော Facebook Status မှာ စာရေးဆရာမင်းဒင်၏ သရော်စာဖြစ်နေ
Published 24 December 2014

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ပဋိပက္ခနှင့် ပတ်သက်၍ သမ္မတရုံး ကြေညာချက် အတုဟုဆိုကာ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး (မှူးဇော်)နှင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်တို့က ၎င်းတို့၏ Facebook စာမျက်နှာမှတစ်ဆင့် အသီးသီး ဖြန့်ချိခဲ့သော Facebook Status  မှာ စာရေးဆရာမင်းဒင်၏ Facebook တွင် ရေးသားထားသော သရော်စာဖြစ်နေကြောင်း သိရသည်။
လက်ပံတောင်းတောင် ပဋိပက္ခနှင့်ပတ်သက်၍ အစိုးရဘက်က ကြေညာချက် ထုတ်ပြန်ပြောဆိုခြင်း မရှိသေးသည့် အချိန်တွင် အစိုးရက ထုတ်ပြန်လာနိုင်သည့် ပုံစံနှင့်ပတ်သက်ပြီး စာရေးဆရာမင်းဒင်က သရော်စာ ရေးသားခဲ့ခြင်းဖြစ်ကာ အဆိုပါ သရော်စာကို သရော်စာဟု သိရှိခြင်းမရှိဘဲ သမ္မတရုံးကြေညာချက် အတုဟူ၍ မှူးဇော်က ၎င်း၏ Facebook တွင် ရေးသားခဲ့ပြီး ထိုရေးသားချက်ကို ဦးရဲထွဋ်က တစ်ဆင့်ပြန်လည်မျှဝေ (Share) ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ယင်းသို့ဖော်ပြရာတွင်လည်း စာရေးဆရာမင်းဒင်၏ သရော်စာနှင့်အတူ မည်သူရေးသားခဲ့သည် မသိရသော NLD ကြေညာချက် အတုကိုပါ တွဲလျက်ဖော်ပြပြီး  “ဆင်တူယိုးမှား အတုအပများ သတိပြုကြပါ” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ယင်းဖော်ပြချက်နှင့်အတူ မှူးဇော်က ရေးသားခဲ့သည့် စာများမှာ “ဝမ်းနည်းဖွယ်ရာ၊ စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်တွေ ဖြစ်ပေါ်လာတဲ့ အချိန်မှာ အချိန်ကိုက်ဆိုသလို ယမန်နေ့က ထွက်ရှိလာခဲ့တဲ့ သမ္မတရုံး ကြေညာချက်အတုနှင့် NLD ကြေညာချက်အတုတွေ ဖြစ်ပါတယ်” ဟု စတင်ရေးသားခဲ့သည်။
ထို့နောက် “လက်ပံတောင်းတောင်စီမံကိန်း ဆန့်ကျင်ရေးလှုပ်ရှားမှု၊ ဒီကမှတစ်ဆင့် ပစ္စည်းမဲ့တော်လှန်ရေး ပုံစံမျိုး (ယခုအချိန်မှာ အားမကောင်းတော့တဲ့) လက်ဝဲအုပ်စုကြီးရဲ့ “ဖျက်သုံးဖျက်” မဟာဗျူဟာကို စိတ်မှာမှတ်ပြီး ဒီကြေညာချက်တွေရဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေကို မှန်းဆကြည့်ရင် နိုင်ငံနဲ့ ပြည်သူအတွက် အန္တရာယ်များတဲ့ လမ်းကြောင်းကို တွန်းပို့နေတဲ့ (ပြည်တွင်း၊ ပြည်ပ) “တတိယအုပ်စု” ဆိုတာ ဘယ်သူတွေလဲ သိနိုင်ပါလိမ့်မယ်”ဟု ဆက်လက်ရေးသားခဲ့သည်။
စာရေးဆရာမင်းဒင်က သရော်စာအနေဖြင့် ရေးသားခဲ့သော ကြေညာချက်ကို မှူးဇော်က ကြေညာချက်အတုဟု ရေးသားဖော်ပြခဲ့ပြီး ထိုကြေညာချက်၏ နောက်ကွယ်တွင် (အတိအကျ ထုတ်ဖော်မပြောသော်လည်း)  ကွန်မြူနစ်များ ရှိနေကြောင်းနှင့် ထိုကွန်မြူနစ်များသည် “တတိယအုပ်စု” များ ဖြစ်နိုင်ကြောင်း စွပ်စွဲရေးသား ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်၌ သမ္မတနှင့် အနီးဆုံး၊ သမ္မတအကြံပေး အဖွဲ့ဝင်များနှင့် နီးစပ်သူများကို “တတိယအုပ်စု” ဟု ဝေဖန်ပြောဆိုမှုများ ရှိနေချိန်၌ မှူးဇော်က ကွန်မြူနစ်များသာ “တတိယအုပ်စု” ဖြစ်နိုင်ဖွယ်ရှိကြောင်း ထင်မြင်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

Ye Htut Facebook တွင် ဖော်ပြထားချက်ကို တွေ့ရစဉ်
မှူးဇော်၏ ရေးသားချက်အပေါ် Facebook သုံးစွဲသူ အများစုက ဝေဖန်ပြောဆိုခဲ့ကြပြီး “သရော်စာကို သရော်စာမှန်းမသိ.. မှူးဇော်တို့များ လုပ်လိုက်မှဖြင့်...” လည်းကောင်း၊ “တတိယအုပ်စုက ခင်ညွန့်တို့... ရဲမိုးတို့ ထောက်လှမ်းရေးအုပ်စုပါ..” ဟု လည်းကောင်း၊ ဦးရဲထွဋ်၏ Facebook တွင်မူ “သမ္မတရုံး ကြေညာချက်အတုဆိုတာ စာရေးဆရာ ဦးမင်းဒင်ရဲ့ သရော်စာ။ သရော်စာမှန်းမသိ ကြေညာချက်အတုမှန်း မသိရအောင် ဒီလောက်တော့ မတုံးလောက်ပါဘူး။ NLD ရဲ့ ကြေညာချက်အတုက ဝန်ကြီးတို့ရဲ့ ငယ်မွေးခြံပေါက် တတိယအုပ်စုက မလုပ်ရင် ဘယ်သူလုပ်မလဲဗျာ” ဟု လည်းကောင်း အစရှိသဖြင့် ရေးသားခဲ့ကြသည်။
သမ္မတရုံးတာဝန်ရှိသူနှင့် သမ္မတ ပြောရေးဆိုခွင့်ရှိသူတို့က လက်ပံတောင်းပဋိပက္ခ ကြေညာချက်အတုများသည် ကွန်မြူနစ်များ လက်ချက်ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ခြင်းမှာ မကြာသေးမီက လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်လာသည့် အာဏာရှင်ဟောင်း ဦးနေဝင်း၏မြေး ဦးအေးနေဝင်းက ကွန်မြူနစ်များအပေါ် တိုက်ခိုက်ပြောဆိုမှုများနှင့်လည်း သဘောထားတူညီမှုများ ရှိနေခဲ့သည်။
ဦးအေးနေဝင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ၎င်း၏ Facebook တွင် International သီချင်းနှင့် ပတ်သက်၍ ၎င်း၏ သဘောထားထင်မြင်ချက်ကို ရေးသားရာ၌  “ကွန်မြူနစ်တွေ အစိုးရတက်လုပ်ရင် သာသနာတော်ကို ဖျက်ဆီးမယ်ဆိုတာ အစိုးရဝါဒဖြန့်ချက်  သက်သက်မဟုတ်ဘူးဆိုတာ သိပ်သိသာပါတယ်။ ဘယ်ခေတ်မှာမဆို လှုပ်ရှားမှုတစ်ခုခုရှိရင် သူတို့ ပူးလာပြီ၊ လှုပ်ရှားမှုမရှိရင်လည်း ရှိလာအောင် ဆွတာသူတို့ အလုပ်ပဲလေ” ဟု ထည့်သွင်းရေးသားခဲ့သည်။
ဦးအေးနေဝင်း၏ မှတ်ချက်က အာဏာရှင်ဟောင်း ဦးနေဝင်း၏ သဘောထားနှင့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် လူထု၏ တောင်းဆိုမှုကို သေးသိမ်အောင် “ကွန်မြူနစ်များက ကြိုးကိုင်ခဲ့သည်” ဆိုသော ထောက်လှမ်းရေးများ၏ ဝါဒဖြန့်ချိမှုဖြင့် စစ်အာဏာသိမ်းခဲ့ခြင်းများကို ပြန်လည်အမှတ်ရစေပါသည်။
လက်ရှိအချိန်တွင်လည်း ဦးအေးနေဝင်း ပြောကြားခဲ့သည်နှင့် တူညီသော သဘောထားများကို သမ္မတနှင့် တိုက်ရိုက်ဆက်စပ် ပတ်သက်မှု ရှိနေသူများထံတွင် တွေ့မြင်နေရပြီး လက်ပံတောင်းတောင် ပဋိပက္ခကို ကွန်မြူနစ်များက သွေးထိုးနေသည်ဆိုသော ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောဆိုမှုများ ရှိနေခြင်းဖြစ်သည်။
ဒီဇင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ပဋိပက္ခနှင့် ပတ်သက်ပြီး အစိုးရသတင်းစာများ၏ ဖော်ပြချက်တွင်လည်း “လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုးတိုးချဲ့ ကာရံရေးဆောင်ရွက်မှု တားဆီးနှောင့်ယှက်ခံရ” ဟူ၍ ဖော်ပြခဲ့ပြီး ဒေသခံရွာသူ၊ ရွာသားများကိုလည်း ဆူပူသူများဟု အထင်ရောက်စေသော အရေးအသားများကို တွေ့ရှိရသည်။ 
လူတစ်ဦးသေဆုံးခဲ့ရပြီး လူအများအပြား ဒဏ်ရာရရှိခဲ့သော လက်ပံတောင်းတောင် ပဋိပက္ခနှင့်ပတ်သက်သည့် အစိုးရထုတ်ပြန်ချက်မှာ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းအထိ ထွက်ရှိလာခြင်း မရှိသေးပေ။
 

Most Read

Most Recent