ဒီဇင်ဘာလ ၂၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

ဒီဇင်ဘာလ ၂၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Published 24 December 2014

နိုင်ငံသားများနှင့် မူလအခွင့်အရေး
မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါ်ပေါက်နေသည့် အမျိုးမျိုးသော ပြဿနာရပ်များတွင်  အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည့် နိုင်ငံသားများ၏ သတင်းများ ယခင်ထက် ပိုမိုများပြားလာသည်။ အလားတူ နိုင်ငံအတွင်းသာမက နိုင်ငံပြင်ပရောက် မြန်မာနိုင်ငံသားများ၏ အခက်အခဲသတင်းများလည်း ယခင်ထက် ပိုမိုကြားသိလာရသည်။ 
ထိုအခါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် နိုင်ငံသားတစ်ဦးအတွက် မည်ကဲ့သို့သော အကာအကွယ်များ ရရှိမည်နည်း ဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်လာသည်။ နိုင်ငံတိုင်းတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် နိုင်ငံသားများနှင့် ပတ်သက်သော အခွင့်အရေးနှင့် တာဝန်ယူမှုများကို ပြဋ္ဌာန်းထားပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများ အမှန်တကယ် လက်တွေ့ခံစားရရှိမှု ရှိမရှိမှာ ဝိဝါဒကွဲပြားစရာ ဖြစ်သော်လည်း နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ပတ်သက်၍ တရားဝင်ပြဋ္ဌာန်း သတ်မှတ်ချက်ရှိပြီးဖြစ်သည်။  
“(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ၊ (ခ)ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ” ဟူသည့် အရည်အချင်း တစ်ရပ်ရပ်နှင့် ပြည့်စုံသူများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားများ ဖြစ်ကြသည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ “အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ” တွင် ပုဒ်မ ၃၄၅ ၌ ဖော်ပြထားသည်။
ထို့အပြင် ပုဒ်မ ၃၄၇ နှင့် ၃၄၈ တို့တွင်လည်း “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်”၊ “နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ” ဟူ၍ အတိအလင်း သတ်မှတ်ပြဋ္ဌာန်းထားသည်။
မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသများ အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို သတ်မှတ်ထားကာ တိုင်းရင်းသား လူမျိုးပေါင်းစုံသည် မိမိတို့ယုံကြည်ရာ ဘာသာများကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုပြီး ဖြစ်သည်။
သို့သော် အစိုးရသစ်လက်ထက် ပြဿနာရပ်များအနက် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် သက်ဆိုင်သော အခြေခံလူ့အခွင့်အရေး ဆုံးရှုံးရမှုများ ပိုမိုများပြားလာသည်။ မတရားဖိနှိပ်ခံရမှု၊ စာနာစိတ်ခေါင်းပါး၍ ကိုယ်ချင်းစာတရား နည်းပါးမှုကြောင့် နစ်နာရမှုများ ပိုမိုများပြားလာသည်။ စီမံခန့်ခွဲမှုအလွဲနှင့် ပြဿနာကိုင်တွယ်ဖြေရှင်းပုံ မှားယွင်းမှုများက “ဘူးလေးရာ ဖရုံဆင့်” ဆိုသလို ဖြစ်စေသည်။ သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်များ၊ ကော်မတီများ၊ ဥပဒေများ ရှိနေသော်လည်း လက်တွေ့အကျိုး သက်ရောက်မှုအတွက် ယုံကြည်ရခက်ခဲ နေဆဲဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၆ တွင် “နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်” ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၅၇ တွင် “ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများအတွက် ဥပဒေအရ ကာကွယ်ပေးရမည်” ဟူ၍လည်းကောင်း ဖော်ပြထားပါသည်။
သို့ပါ၍ အခက်အခဲ ပြဿနာမျိုးစုံဖြင့် ကူရာကယ်ရာမဲ့ အခြေအနေမျိုး ဖြစ်နေသည့် နိုင်ငံသားများအတွက် စာရွက်ပေါ်မှ ဥပဒေများအဖြစ်ထက် ပိုမိုလေးနက် ထိရောက်သော အထောက်အပံ့၊ အကာအကွယ်များ ရရှိရန်လိုအပ်နေပြီ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
 

Most Read

Most Recent