တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးကို လာမည့်ပြည်ထောင်စုနေ့ လက်မှတ်ရေးထိုးနိုင်ရန် ရည်မှန်းထားပြီး ဖြစ်လာပါက နိုင်ငံရေးဆွေးနွေးပွဲများ ၂၀၁၅ခုနှစ် မေတွင် စတင်မည်ဟု အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ ပြောကြား

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးကို လာမည့်ပြည်ထောင်စုနေ့ လက်မှတ်ရေးထိုးနိုင်ရန် ရည်မှန်းထားပြီး ဖြစ်လာပါက နိုင်ငံရေးဆွေးနွေးပွဲများ ၂၀၁၅ခုနှစ် မေတွင် စတင်မည်ဟု အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ ပြောကြား
Published 23 December 2014
အောင်ဇော်ထွန်း

အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှုကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့တွင် ပြုလုပ်ရန် ရည်ရွယ်ထားပြီး လုပ်ဆောင်ဖြစ်ပါက ၂ဝ၁၅ ခုနှစ် မေတွင် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်လာမည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ကိုယ်စားလှယ်များက ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်များတွင် ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့သည့် UPWC နှင့် NCCT တို့၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလုပ်ငန်း ညှိနှိုင်းမှုဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ကိုယ်စားလှယ်များက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။အဆိုပါ ဆွေးနွေးပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များသည် ယခင်ဆွေးနွေးပွဲများတွင် သဘောတူညီရန် ကျန်ရှိနေသေးသည့်အချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး နှစ်ဖက်လုံးက လက်ခံနိုင်မည့်အချက်များကို အဆိုပြုခဲ့ကြောင်း၊ ဆွေးနွေးပွဲမှ ရရှိထားသောအချက်များကို သက်ဆိုင်ရာခေါင်းဆောင်များထံ သို့ ပြန်လည်တင်ပြပြီး အတည်ပြုချက်များ ရယူကြမည်ဖြစ်ကြောင်း၊ နှစ်ဖက်ယုံကြည်မှုတည်ဆောက်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အပေါ် ဆွေးနွေးညှိနှိုင်းနေစဉ်ကာလအတွင်း မလိုလားအပ်သော ကိစ္စရပ်များ ထပ်မံမပေါ်ပေါက်ရေးအတွက် ပူးတွဲဖြေရှင်းဆောင်ရွက်သွားရန် သဘောတူကြောင်း၊ ဆွေးနွေးပွဲကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလလယ်ပိုင်းတွင် ကျင်းပရန် နှစ်ဖက်သဘောတူကြောင်း စသည်တို့ကို ပူးတွဲထုတ်ပြန်ခဲ့သည်။UPWC ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက“ကျွန်တော်တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို တစ်ဆို့မှုမရှိဘဲ ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့ပါတယ်”ဟု ပြောကြားသည်။ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် NCCT ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက“ဒီ NCA (တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်) မှာ ညှိနှိုင်းရင်းနဲ့ ကျန်တဲ့အချက်တွေ မရှိသလောက်ဘဲလို့ ပြောလို့ရတယ်။ အမြင်တွေက တူညီနေတယ်။ နောက်တစ်ကြိမ်တွေ့လို့ရှိရင်တော့ ကျွန်တော်ကတော့ မျှော်လင့်တာပေါ့။ ဖြစ်လည်း ဖြစ်စေချင်တာပေါ့။ အကုန်လုံးသဘောတူညီချက်ရမယ့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်စေချင်တယ်။ နောက်တစ်ခုက တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မယ့် နေ့ရက်ကို ဖေဖော်ဝါရီ ၁၂ ရက်ဆိုတာ ကျွန်တော်တို့ ပြည်ထောင်စုနေ့။ အဲဒီနေ့မှာ လက်မှတ်ထိုးနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အနာဂတ်အတွက်ပေါ့။ တကယ့်ကို ဂုဏ်ရှိတဲ့ မွန်မြတ်တဲ့နေ့ရက်ဖြစ်လို့ ကျွန်တော်တို့က အဲဒီလိုဖြစ်စေချင်တယ်။ ကြိုးစားနေကြပါတယ်။ နှစ်ဖက်ကတော့ အဲဒီနေ့ကို လက်မှတ်ထိုးနိုင်ဖို့အတွက်ပေါ့”ဟု ပြောကြားသည်။UPWC ကိုယ်စားပြု သတင်းစာရှင်းလင်းခဲ့သည့် ဦးလှမောင်ရွှေကလည်း လာမည့်ဇန်နဝါရီ ၁၅၊ ၁၆၊ ၁၇ များတွင် ဆောင်ရွက်နိုင်ဖွယ်ရှိသော UPWC နှင့် NCCT တို့၏ ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးမူကြမ်းကို အချောသပ်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ မည်သည့်နေ့ရက်တွင် အချောသပ်နိုင်သည်ဖြစ်စေ လက်မှတ်ရေးထိုးရေးအတွက် ပြင်ဆင်ရန်အချိန် နှစ်ပတ်ခန့်လိုအပ်ကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖြစ်လာနိုင်သည်ဟု ပြောကြားသည်။ဆက်လက်၍ ဦးလှမောင်ရွှေက“ကျွန်တော်တို့ဘက်ကတော့ ဒီနေ့မနက် ဆရာ ကွယ်ထူးဝင်း ညွှန်းဆိုသလို ဖေဖော်ဝါရီ ၁၂ ရက်မှာ ထိုးနိုင်ရင်တော့ သိပ်ကောင်းမှာပဲဆိုတာကို ရည်မှန်းပြီး ကြိုးစားနေပါတယ်။ တကယ်လို့ ဖေဖော်ဝါရီ ၁၂ ရက်လောက်မှာ ထိုးနိုင်မယ်ဆိုရင်တော့ စာချုပ်ချုပ်ဆိုထားတဲ့နေရာမှာပါတာက ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ဆောင်ရွက်ရပါလိမ့်မယ်။ ရက်ပေါင်း ၉ဝ အတွင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စရပါလိမ့်မယ်။ ဒါကြောင့်မို့ စာချုပ်ပါ စည်းကမ်းအတိုင်းကို အတိအကျလိုက်နာမယ်ဆိုရင်တော့ လက်မှတ်ထိုးတဲ့နေ့ရက်က ဖေဖော်ဝါရီ ၁၂ ဖြစ်မယ်ဆိုရင် ကျွန်တော်တို့က သင်္ကြန်ပြီးတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြီးရပါလိမ့်မယ်။ မေလမကုန်ခင်မှာ ကျွန်တော်တို့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲ စရမှာပေါ့။ ပြည်ထောင်စုဘက်က ရည်မှန်းချက်က ဖြစ်နိုင်မယ်ဆိုရင် ဖေဖော်ဝါရီလအတွင်းမှာ ပြီးပြတ်နိုင်ဖို့ဆိုတာ တစ်ဖက်ကိုလည်း တင်ပြထားတယ်။ သူတို့လည်း သဘောတူတယ်ဆိုတော့ ဝိုင်းတော့ကြိုးစားရပါလိမ့်မယ်။ လက်တွေ့ဘဝမှာတော့ မမျှော်လင့်တဲ့အခက်အခဲတွေ မရှိဘူးဆိုရင်တော့လည်း ဒါဖြစ်မှာပေါ့။ ဒီလိုပဲယုံကြည်ပါတယ်”ဟု ပြောကြားသည်။အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရန်အတွက် ယခု ၂ဝ၁၄ ခုနှစ်အတွင်း၌လည်း အကြိမ်ကြိမ်ရည်ရွယ်ကာ ဆောင်ရွက်ခဲ့သော်လည်း ဖြစ်လာခြင်းမရှိဘဲ တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံး၌ ထိခိုက်သေဆုံးသူ အများအပြားရှိခဲ့သည်။ငြိမ်းချမ်းရေး တည်ဆောက်နေချိန်တွင် နှစ်ဖက်ရဲဘော်များ သေဆုံးသည့်ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရေးအတွက် သက်ဆိုင်ရာ စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်များပါဝင်သည့် ဆွေးနွေးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပြုလုပ်ရန်အတွက် ယခုဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဘက်ကအဆိုပြုခဲ့ရာ အစိုးရဘက်က ဇန်နဝါရီအတွင်း၌  ပြန်လည်အကြောင်းပြန်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent