ငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေးသူတစ်ယောက် ဆုံးဖြတ်သူတစ်ယောက်ဖြစ်နေ၍ နှစ်ပေါင်း ၁၀၀ ဆွေးနွေးပါကလည်း ပြေလည်နိုင်မည်မဟုတ်ဟု SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးပြောကြား

ငြိမ်းချမ်းရေးကိစ္စများကို ဆွေးနွေးသူတစ်ယောက် ဆုံးဖြတ်သူတစ်ယောက်ဖြစ်နေ၍ နှစ်ပေါင်း ၁၀၀ ဆွေးနွေးပါကလည်း ပြေလည်နိုင်မည်မဟုတ်ဟု SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးပြောကြား
Published 23 December 2014
ကျော်ဇင်ဝင်း

ငြိမ်းချမ်းရေးကိစ္စများအား ဆွေးနွေးသူကတစ်ယောက် ဆုံးဖြတ်သူကတစ်ယောက်ဖြစ်နေ၍ နှစ်ပေါင်း ၁၀၀ ဆွေးနွေးပါကလည်း ပြေလည်နိုင်မည်မဟုတ်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကပြောကြားသည်။    စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA) ၏ ပထမအကြိမ်ညီလာခံကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ဒီဇင်ဘာ ၂၂ ရက်ကကျင်းပခဲ့ရာ သဘာပတိအဖွဲ့ကိုယ်စား ညီလာခံအဖွင့်မိန့်ခွန်းပြောကြားရာတွင် ဦးခွန်ထွန်းဦးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဘာလဲဆိုရင် MPC မှာက စကားပြောဖို့ပဲတာဝန်ရှိတယ်။ သူ့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိခဲ့ဘူး။ နောက်ပြီးတော့ လုပ်ပိုင်ခွင့်လည်းမပေးခဲ့ဘူး . . .

ငြိမ်းချမ်းရေးကိစ္စရပ်များဆွေးနွေးရာတွင် အခါအားလျော်စွာ မိမိတို့ပါဝင်ဆွေးနွေးခဲ့ကြောင်း၊ အိပ်ဟန်ဆောင်နေသူကို နိုးရခက်သကဲ့သို့ တိုင်းပြည်ကံကြမ္မာသည် ဘာလဲဆိုသည်ကို အကုန်လုံးအသိဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံးပင်လုံစာချုပ်ပါ ကတိကဝတ်များကို တစိုက်မတ်မတ်တောင်းဆိုခဲ့ကြသော်လည်း အစိုးရ၊ တပ်မတော်အနေဖြင့် လျစ်လျူရှုခဲ့ကြောင်း ဦးခွန်ထွန်းဦးကပြောကြားသည်။     ထို့ပြင် မိမိတို့အနေဖြင့် ဆေးလည်းရှိ၍ အနာလည်းသိပြီဖြစ်ကြောင်း၊ သို့သော် အဆိုပါဆေးသည်ခါးသည်ဆိုကာ မသောက်ဘဲ ရှောင်ဖယ်နေခြင်းသာဖြစ်ကြောင်း၊ တပ်ပိုင်းဆိုင်ရာ၌လည်းတာဝန်ရှိပြီး တပ်မတော်အနေဖြင့် စိုးရိမ်မှုအနည်းငယ်ရှိနိုင်သော်လည်း တပ်မတော်သာ Mindset ပြောင်းလဲကာ အမှန်တကယ်လုပ်ချင်စိတ်ရှိလာပါက ငြိမ်းချမ်းရေးသည် မဝေးတော့ကြောင်း  ဦးခွန်ထွန်းဦးကဆိုသည်။    ထို့အတူ ဦးခွန်ထွန်းဦးက အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဆွေးနွေးမှုများ သုံးနှစ်ကျော်ကြာလာသည့်အချိန်ရောက်မှ ငြိမ်းချမ်းရေးကိစ္စအား လွှတ်တော်ထဲသို့ ယူဆောင်သွားမည်ဆိုသည့်ကိစ္စမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကြိုက်နှစ်သက်မှုမရှိသည့်အပြင် မိမိတို့အနေဖြင့်လည်း သဘာဝမကျဟု ထင်မြင်မိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ "ကျွန်တော့်ဆိုလိုရင်းကတော့ အဆိုးဆုံးနေရာမှာကတော့ ဘာလဲဆိုရင် MPC မှာက စကားပြောဖို့ပဲတာဝန်ရှိတယ်။ သူ့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိခဲ့ဘူး။ နောက်ပြီးတော့ လုပ်ပိုင်ခွင့်လည်းမပေးခဲ့ဘူး။ အဲဒါကြောင့် ဆွေးနွေးတဲ့သူအချင်းချင်းမှာ ဘာမှအဖြေမရနိုင်တာ ဒါပြဿနာပဲ။ အမှန်ဆိုလို့ရှိရင် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့တပ်မတော်ရယ်၊ MPC ရယ်၊ ငြိမ်းချမ်းရေးအဖွဲ့ရယ်ပေါင်းလိုက်လို့ရှိရင်တော့ တကယ်တန်းစေတနာမှန်မှန်နဲ့ ပြောင်းလဲမယ်ဆိုရင်တော့ ဒါရနိုင်ပါတယ်။ အခုဖြစ်နေသလို ဆွေးနွေးတာကတစ်မျိုး ဆုံးဖြတ်ချက်ချတာတစ်ယောက်ဆိုတော့ ဒီငြိမ်းချမ်းရေးက နှစ်ပေါင်း ၁၀၀ ဆွေးနွေးလည်းမပြီးပါဘူး။ အဲဒီတော့ ဆွေးနွေးတဲ့သူကို တိကျတဲ့ဆုံးဖြတ်ချက်ပေးနိုင်တဲ့ အာဏာပေးမှသာလျှင် ဒီကိစ္စကပြီးလိမ့်မယ်လို့ လုံးဝယုံကြည်ပါတယ်။ အဲဒါကြောင့် ဆွေးနွေးပုံဆွေးနွေးနည်းတွေက အများကြီးပြောင်းသင့်နေပါပြီ။ ဒီလိုသာသွားမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးကဝေးနေမှာပဲ" ဟု ဦးခွန်ထွန်းဦးကပြောကြားသည်။    ယခုအချိန်တွင် နိုင်ငံရေးသည် အလွန်အရေးကြီးသည့်အခန်းကဏ္ဍသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ အထူးသဖြင့် နိုင်ငံရေးတွင် အားလုံးဝိုင်းဝန်းတွန်းကြရန် အဖွဲ့အစည်းအသီးသီးကပြောနေကြပြီး အရွေ့သာဖြစ်ပေါ်နေသေးကြောင်း၊ အရွေ့ဆိုသည်ထက် ရွှေ့ဖို့လိုသောကြောင့် ဝိုင်းဝန်းတွန်းအားပေးရမည်ဆိုသည့်အနေအထားမျိုးရှိနေကြောင်း ဦးခွန်းထွန်းဦးကပြောကြားသည်။    ပထမအကြိမ်ကျင်းပသည့် UNA ညီလာခံတွင် သဘာပတိများအဖြစ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်၊ ကရင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ မန်းထိန်ဝင်းစိန်နှင့် ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအန်တိုနီစူ တာဝန်ယူဆောင်ရွက်ခဲ့သည်။    ထို့အတူ UNA ညီလာခံမတိုင်မီ ဒီဇင်ဘာ ၂၀ ရက်မှ ၂၁ ရက်ထိ နှစ်ရက်ကြာ UNA ရုံး၌ အဖွဲ့ဝင်ပါတီခေါင်းဆောင်များ ညီလာခံအကြိုဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး ညီလာခံကျင်းပသည့် ဒီဇင်ဘာ ၂၂ ရက်တွင် အဖွဲ့ဝင်ပါတီရှစ်ပါတီမှ ခေါင်းဆောင်နှင့် ကိုယ်စားလှယ်ဦးရေ ၁၀၀ ခန့်တက်ရောက်ခဲ့ကာ UNA ၏ နိုင်ငံရေးအစီရင်ခံစာအားဆွေးနွေးပြင်ဆင်ဖြည့်စွက်ခြင်း၊ UNA အဖွဲ့ဖွဲ့စည်းပုံအား ပြန်လည်ပြင်ဆင်ခြင်း၊ လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် နိုင်ငံရေးအခြေအနေ အကျပ်အတည်းများအား မည်သို့မည်ပုံဖြေရှင်းကြမည်ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။    

Most Read

Most Recent