ယခုနှစ်အတွင်း ရန်ကုန်မြို့၌ လမ်းကူးသူ ယာဉ်တိုက်ခံရမှုဖြစ်စဉ် ၃၀၀ ကျော်ရှိနေသဖြင့် လူကူးမျဉ်းကြားများတွင် ယာဉ်ထိန်းရဲများ ထားရှိမည်

ယခုနှစ်အတွင်း ရန်ကုန်မြို့၌ လမ်းကူးသူ ယာဉ်တိုက်ခံရမှုဖြစ်စဉ် ၃၀၀ ကျော်ရှိနေသဖြင့် လူကူးမျဉ်းကြားများတွင် ယာဉ်ထိန်းရဲများ ထားရှိမည်
Published 23 December 2014
ဝင်းမြင့်ကျော်

၂ဝ၁၄ ခုနှစ်အတွင်း ရန်ကုန်မြို့၌ လမ်းကူးသူများ ယာဉ်တိုက်ခံရမှုဖြစ်စဉ် ၃ဝဝ ကျော် ရှိနေပြီဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။ရန်ကုန်မြို့၌ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလကုန်အထိ လမ်းကူးသူ ယာဉ်တိုက်ခံရမှုဖြစ်စဉ် ၃၃၃ မှု ရှိကြောင်း သိရသည်။ယင်းသို့ လမ်းကူးသူ ယာဉ်တိုက်ခံရသည့်ဖြစ်စဉ်များ ဖြစ်ပွားနေမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းကူးသူများသည့် လူကူးမျဉ်းကြားများတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကူအဖွဲ့များထားရှိကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားသည်။အလားတူ ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံး၌ အဆိုပါလများအတွင်း ယာဉ်တိုက်မှု ၂၇၄၄ မှု ဖြစ်ပွားပြီး  ၅၂၄ ဦး သေဆုံးကာ ၃၈၇ဝ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။“ လမ်းကူးတဲ့အခါ ပြည်သူတွေအနေနဲ့ ဘယ်ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည့်၊ ညာပြန်ကြည့်၊ လမ်းရှင်းမှ ကူးဆိုတဲ့ ဆောင်ပုဒ်ရှိတယ်။ ဒါပေမဲ့ ကားတွေက အဆက်မပြတ်ရှိနေတဲ့အခါကျတော့ လမ်းကူးသူတွေအနေနဲ့ အဆင်မပြေမှုတွေ ရှိနေတယ်။ ဒါကြောင့် လမ်းကူးသူများတဲ့ လူကူးမျဉ်းကြားတွေမှာ ယာဉ်ထိန်းရဲတွေနဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအကူအဖွဲ့တွေကို ထားရှိသွားပါမယ်” ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးလင်းထွဋ်က ပြောကြားသည်။လမ်းကူးသူများ ယာဉ်တိုက်ခံရသည့် ဖြစ်စဉ်များ၌ လူကူးမျဉ်းကြားတွင် ကူးနေသည့် လမ်းကူးသူအချို့လည်း ယာဉ်တိုက်ခံနေရကြောင်း သိရသည်။လူကူးမျဉ်းကြား၌ လမ်းကူးနေသည့် အမျိုးသမီးတစ်ဦး ယာဉ်တိုက်ခံရသည့်ဖြစ်စဉ်တစ်ခုမှာ ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက် ညနေ ၄ နာရီခန့်တွင် ဟံသာဝတီအဝိုင်းဘက်မှ မြေနီကုန်းမီးပွိုင့်သို့ ပြည်လမ်းအတိုင်း ယာဉ်မောင်း ဦးကြည်လွင်ဦး (၅၂)  နှစ် မောင်းနှင်လာသော 8G/1146 စူပါကာစတန်ယာဉ်သည် မဟာမြိုင်မှတ်တိုင်အကျော်  လူကူးမျဉ်းကျားအရောက် လမ်းဖြတ်ကူးနေသော ဒေါ်.......... (၆ဝ) နှစ်ခန့်အား ဖြတ်တိုက်ကာ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း စမ်းချောင်းမြို့နယ် ယာဉ်မှုစစ်ဌာနမှ သိရသည်။ယာဉ်တိုက်ခံခဲ့ရသော ဒေါ်ခွန်ဂျာသည် ဦးခေါင်းကြေမွ၊ ဦးနှောက်ဒဏ်ရာနှင့် လက်ကျိုးဒဏ်ရာများရရှိပြီး သေဆုံးခဲ့ကြောင်း သိရသည်။  

Most Read

Most Recent