ဒီဇင်ဘာလ ၂၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

ဒီဇင်ဘာလ ၂၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
Published 23 December 2014

ဆူပူအုံကြွမှုနှင့် အကြမ်းဖက်မှုအဓိပ္ပာယ်တူစကားလုံးများဖြစ်ကြသော ဆူပူမှု (Insurrection) ၊ အုံကြွမှု (Uprising) နှင့် သူပုန်ထမှု (Rebellion) ဟူသည် အမိန့် သို့မဟုတ် အာဏာကိုလိုက်နာရန် ငြင်းဆန်ခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းကို အစိုးရ၊ အုပ်ချုပ်ရေးမှူး၊ သမ္မတ၊ နိုင်ငံရေးခေါင်းဆောင်၊ ဘဏ္ဍာရေးဆိုင်ရာ အင်စတီကျူးရှင်း၊ တာဝန်ရှိသည့်ပုဂ္ဂိုလ် အစရှိသော   အခိုင်အမာတည်ထောင်ထားသည့် အာဏာပိုင်မှုကို ဖျက်ဆီးရန် သို့မဟုတ် အစားထိုးဝင်ရောက်ရန် ရည်ရွယ်သော အပြုအမူများကို လွှမ်းခြုံခေါ်ဆိုခြင်းဟု မှတ်ယူနိုင်သည်။  တစ်ဖက်မှကြည့်လျှင် ယင်းအပြုအမူပုံစံများသည် အရပ်ဘက်ဆိုင်ရာဥပဒေများကို မလိုက်နာခြင်း၊ လိုက်နာရန်ငြင်းဆန်ခြင်းကဲ့သို့သော အကြမ်းမဖက်သည့် နည်းလမ်းများ ပါဝင်သည်ဟုဆိုနိုင်သည်။ အခြားတစ်ဖက်မှကြည့်လျှင် အကြမ်းဖက်လှုပ်ရှားမှုများ ပါဝင်လာနိုင်သည်ဟု ဆိုနိုင်သည်။အထူးသဖြင့် သူပုန်ထမှုတွင်ပါဝင်သောသူများ လက်နက်ကိုင်စွဲပါက အကြမ်းဖက်မှုအသွင်ပြောင်းသွားပြီး ၎င်းတို့ကို သူပုန်များဟု ခေါ်ဆိုကြသည်။ ထို့ကြောင့် ဆူပူမှု၊ အုံကြွမှု သို့မဟုတ် သူပုန်ထမှုဟု မည်သည့်အမည်ဖြင့်ခေါ်စေကာမူ ဆူပူအုံကြွမှုတိုင်းကို အကြမ်းဖက်မှုဟု ခေါ်ဆို၍မရပေ။ လက်နက်ကိုင်စွဲသည့်အခါမှသာ အကြမ်းဖက်မှုဟု ခေါ်ဆိုကြသည်။ အချို့သော အဓိပ္ပာယ်သတ်မှတ်ချက်များအရ လက်နက်ကိုင်စွဲလျှင်ပင် အရပ်သားများကို ထိခိုက်မှုမရှိစေဘဲ လက်နက်ကိုင်များကိုသာ ဆန့်ကျင်တိုက်ခိုက်ခြင်းဖြစ်ပါက အကြမ်းဖက်မှုဟု မခေါ်ဆိုနိုင်ဟု သိရသည်။သို့သော် ဆူပူအုံကြွမှုများကို အကြမ်းဖက်နှိမ်နင်းလိုသည့်အခါ သက်ဆိုင်ရာအာဏာပိုင်များသည် ဆူပူအုံကြွသူများကို အကြမ်းဖက်သမားများဟု စွပ်စွဲလေ့ရှိသည်။ လက်နက်ကိုင်စွဲခြင်းမရှိသည့် ဆူပူအုံကြွသူများကို အကြမ်းဖက်တိုက်ခိုက်လာရန်အတွက် လှုံ့ဆော်ပေးခြင်းလည်း ပြုလုပ်တတ်သည်။ အကြမ်းဖက်သမားများကို တန်ပြန်နှိမ်နင်းခြင်းအဖြစ် အများအမြင်၌ တင့်တယ်စေရန်ဖြစ်သည်။ဆူပူအုံကြွခြင်းတွင် တစ်စုံတစ်ရာကို ပြုပြင်သင့်သည် သို့မဟုတ် ဖယ်ရှားသင့်သည်ဟူသည့် ခိုင်မာသောယုံကြည်ချက်တစ်ရပ် ရှိသည်။ ပြောင်းလဲရန် လိုအပ်သည်များကို ထောက်ပြခြင်းကြောင့် ယင်းအနေအထားတွင် ဆူပူအုံကြွမှုကို အပြုသဘောဆောင်သော လုပ်ဆောင်ချက်ဟု ခေါ်ဆိုနိုင်သည်။ သို့သော် ဆွေးနွေးညှိနှိုင်းမှုဖြင့် အဖြေရှာခြင်းက အကောင်းဆုံးဖြစ်နေသည့်အနေအထားတွင် ဆူပူအုံကြွမှု ပြုလုပ်ခဲ့ပါက ယင်းကို အနုတ်လက္ခဏာဆောင်သော လုပ်ဆောင်ချက်ဟု ခေါ်ဆိုနိုင်သည်။တစ်ခါတစ်ရံတွင် ဆူပူအုံကြွမှုနှင့် အကြမ်းဖက်မှုကို ခွဲခြားရခက်တတ်သည်။ သို့သော် အကြမ်းဖက်မှုတွင် အပြစ်မဲ့သည်ဖြစ်စေ၊ အပြစ်ရှိသည်ဖြစ်စေ ခွဲခြားမနေဘဲ အခြားသူများကို ထိခိုက်စေရန် ရည်ရွယ်သည်။ ယင်းကဲ့သို့ လုပ်ဆောင်ရခြင်းနှင့်ပတ်သက်သော အကြောင်းပြချက်သည်လည်း လူအများစုအတွက် လက်ခံနိုင်စရာ ယုတ္တမတန်တတ်ပေ။ တစ်ခါတစ်ရံတွင် အကြမ်းဖက်မှုကို မိမိရပ်တည်ရာဘက်မှနေ၍ အဓိပ္ပာယ်သတ်မှတ်ကြသည်များလည်း ရှိသည်။ ဥပမာအားဖြင့် ပြည်သူများက ဆိုးရွားသည်ဟု ထင်မြင်ထားသော ခေါင်းဆောင်တစ်ဦး သို့မဟုတ် အုပ်ချုပ်သူတစ်ဦးကို ဆန့်ကျင်ပုန်ကန်ပါက သူပုန်များကို လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူများဟုခေါ်ဆိုပြီး အခြားတစ်ဖက်ကို အကြမ်းဖက်သမားဟု ခေါ်ဆိုသည်လည်းရှိသည်။ မည်သို့ပင်ဆိုစေကာမူ လူအများ၏ အမြင်များ သို့မဟုတ် အခွင့်အရေးများအား အကြမ်းဖက်ခြင်းကို သုံးစွဲကာ ဟန့်တားရန်ကြိုးပမ်းပါက မည်သည့်နိုင်ငံရေးသမား သို့မဟုတ် မည်သည့်အာဏာပိုင်ကိုမဆို အကြမ်းဖက်သမားဟု ခေါ်ဆိုနိုင်သည်။အမှန်တကယ်၌ လူအများ၏ မျှော်လင့်ချက်ကင်းမဲ့မှုများ၊ နာကြည်းမှုများနှင့် အမုန်းတရားတို့က ဆန္ဒပြခြင်းမှသည် ဆူပူအုံကြွမှုဖြစ်သည်အထိ လှုံ့ဆော်ပေးနိုင်သောကြောင့် အကြမ်းဖက်နှိမ်နင်းရုံဖြင့် ပြဿနာများပျောက်ကွယ်သွားမည် မဟုတ်ဘဲ ပြဿ နာ၏ အရင်းအမြစ်ကို ဖြေရှင်းပေးရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Most Read

Most Recent