၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ပါက တပ်မတော်နှင့်ပြည်သူ ရင်ကြားစေ့ရေး အကြီးမားဆုံး အဟန့်အတား ဖြစ်နေဦးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ပါက တပ်မတော်နှင့်ပြည်သူ ရင်ကြားစေ့ရေး အကြီးမားဆုံး အဟန့်အတား ဖြစ်နေဦးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 20 December 2014

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ပါက တပ်မတော်နှင့်ပြည်သူ ရင်ကြားစေ့ရေးအတွက် အကြီးမားဆုံးသော အဟန့်အတား ဖြစ်နေဦးမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုသဘောထားရယူပွဲ အခမ်းအနားတွင် ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပဲခူးတိုင်းဒေသကြီး ဒေသလုံးဆိုင်ရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် စပ်လျဉ်း၍ လူထုသဘောထား ရယူပွဲ အခမ်းအနားကို သာယာဝတီမြို့ အားကစားကွင်းအတွင်း ဒီဇင်ဘာ ၁၅ ရက် နံနက်က ပြုလုပ်ခဲ့ရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက ဦးတင်ဦးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်များ တက်ရောက်၍ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သိကောင်းစရာများကို ဆွေးနွေးပြောဆိုစဉ် ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပတ်သက်ရင် ကျွန်မတို့နိုင်ငံမှာ အချက်ကြီးနှစ်ချက် ရှိတယ်။ တိုင်းရင်းသားများကြား ရင်ကြားစေ့ရေး၊ တိုင်းရင်းသားများကြား ညီညွတ်ရေး၊ တပ်မတော်နဲ့ ပြည်သူကြား ရင်ကြားစေ့ရေး၊ တပ်မတော်နဲ့ ပြည်သူကြား ညီညွတ်ရေး ဒီလိုဆောင်ရွက်သွားရမှာ ဖြစ်တယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ တကယ့်အဟန့်အတားကြီးက အခု ၂၀၀၈ ဖွဲ့စည်းပုံကြီးပဲ ဖြစ်တယ်လို့ ကျွန်မတင်ပြလိုပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူနည်းစုက ရေးဆွဲ၍ ပြည်သူလူထုက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံအောင် လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ပုံလုပ်နည်း မသင့်တော်သလို လက်ရှိဖွဲ့စည်းပုံမှာ နိုင်ငံကို ညီညွတ်အောင် မလုပ်နိုင်ဘဲ ပြည်သူနှင့် တပ်မတော်ကြား စိတ်ဝမ်းကွဲစေကြောင်း၊ ယင်းသို့ပြောနေရခြင်းမှာ တပ်မတော်ကို မလိုလား၍သော် လည်းကောင်း၊ စေတနာမထား၍သော် လည်းကောင်း မဟုတ်ဘဲ စိတ်ဝမ်းကွဲစေသည့် အခြေခံဥပဒေကို ပြင်ဆင်ပြီး တပ်မတော်နှင့်ပြည်သူ တစ်သားတည်း ဖြစ်စေလို၍ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြင်ဆင်ရေးကော်မတီတစ်ရပ် ဖွဲ့စည်း၍ ပြင်ဆင်ရေးဆိုင်ရာ အချက်ကိုးချက်ပါ ကြေညာချက် တစ်စောင်ကို စက်တင်ဘာ ၂၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ပြင်ဆင်ရေး အသစ်ရေးဆွဲရေး အားနည်းချက်၊ အားသာချက်များကို တိုင်းရင်းသား ပါတီများနှင့် တိုင်ပင်ခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ဒေသများအလိုက် အခြေခံဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ခြင်းများ ပြုလုပ်ပြီးမှ ယခုကဲ့သို့ လူထုသဘောထား ကောက်ယူမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းကော်မတီထံမှ သိရသည်။
"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက တပ်မတော်သားတွေက အခွင့်အရေးတစ်မျိုး၊ ပြည်သူက အခွင့်အရေးတစ်မျိုးဆိုတာ ပေါ်လွင်နေပါတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍကို အစဉ်တစိုက် အလေးပေး ပြဋ္ဌာန်းထားတာတွေ အများကြီး တွေ့ရတယ်။ ရှေ့နောက်မညီညွတ်တဲ့ ဥပဒေတွေ အများကြီးတွေ့တယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပုံပြင်ဆင်ရေး ဗဟိုကော်မတီအဖွဲ့ဝင် ဦးဌေးဦးက ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး အတွင်းရှိ ပါတီအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူလူထု သုံးသောင်းခွဲခန့် တက်ရောက်ခဲ့ပြီး ပြင်ဆင်ရေးအတွက် သဘောတူထောက်ခံသူ ၉၅ ရာခိုင်နှုန်း၊ အသစ်ပြန်လည် ရေးဆွဲရေး ၅ ရာခိုင်နှုန်း သဘောထား ကောက်ခံရရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လက်ပံတန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းထံက သိရသည်။

Most Read

Most Recent