ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားသော တပ်မတော်နှင့် ကိုးကန့်လက်ကျန်အဖွဲ့တို့၏ တိုက်ပွဲဖြစ်စဉ်၌ တပ်မတော်သားခုနစ်ဦး ကျဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိ

ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားသော တပ်မတော်နှင့် ကိုးကန့်လက်ကျန်အဖွဲ့တို့၏ တိုက်ပွဲဖြစ်စဉ်၌ တပ်မတော်သားခုနစ်ဦး ကျဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိ
Published 19 December 2014

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်တွင် ဒီဇင်ဘာ ၁ဝ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ကိုးကန့်လက်ကျန် အဖွဲ့တို့၏ တိုက်ပွဲဖြစ်စဉ်၌ တပ်မတော်သား ခုနစ်ဦး ကျဆုံးပြီး ၂ဝ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီဇင်ဘာ ၁၄ ရက်ထုတ် တပ်မတော်ပိုင် မြဝတီသတင်းစာတွင် သတင်းဖော်ပြထားချက်အရ သိရသည်။ကွမ်းလုံမြို့၏ အနောက်မြောက်ဘက် ၁ဝ မိုင်ခန့်အကွာရှိ၏ နမ့်ကျွန်းဝေါခြုံဒေသနှင့် မုံးစီး၊ မုံးပေါ်လေဒေသအတွင်း နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော တပ်မတော်စခန်းနှင့် စစ်ကြောင်းများအား ဒီဇင်ဘာ ၁ဝ ရက် မွန်းလွဲပိုင်းတွင် ကိုးကန့်သောင်းကျန်းသူ လက်ကျန်အဖွဲ့မှ သာလွန်အင်အားဖြင့် လက်နက်ကြီးများ အသုံးပြုပြီး အလစ်အငိုက် တိုက်ခိုက်ခဲ့ ဝိုင်းဝန်းပိတ်ဆို့ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ တပ်မတော်စစ်ကြောင်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လာရောက်ပူးပေါင်း စစ်ကူပေးတိုက်ခိုက်ခဲ့သဖြင့် ပိတ်ဆို့ခံထားရသည့် တပ်မတော်တပ်များသည် ဒီဇင်ဘာ ၁၂ ရက်တွင် နမ့်ကျွမ်းစစ်ဆင်ရေး ခြေကုပ်စခန်းသို့ ပြန်လည်ပူးပေါင်းနိုင်ခဲ့ကြောင်း၊ ဖြစ်စဉ်တွင် တပ်မတော်စစ်ကြောင်းမှ စစ်သည်ခုနစ်ဦး သေဆုံးခဲ့ပြီး ၂ဝ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြဝတီသတင်းစာတွင် ရေးသားဖော်ပြထားသည်။ထို့ပြင် ကိုးကန့်သောင်းကျန်းသူ လက်ကျန်အဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရမှ ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ် ကာလအတွင်း တပ်မတော်စခန်းနှင့် စစ်ကြောင်းများကို အကြောင်းမဲ့ စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ရေးသားဖော်ပြထားသည်။ဒီဇင်ဘာ ၁ဝ ရက်မှ ၁၂ ရက်အထိ ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ကိုးကန့်အဖွဲ့တို့၏ တိုက်ပွဲဖြစ်စဉ်တွင် ကိုးကန့်အဖွဲ့အပြင် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကချင်တိုင်းရင်သား လက်နက်ကိုင်တပ် KIA တို့မှလည်း ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိနေခြင်းနှင့် ပတ်သက်၍ TNLA ၏ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်အား ဆက်သွယ်မေးမြန်းရာ တပ်မတော်နှင့် TNLA တို့အကြား ဒီဇင်ဘာ ၁၃ ရက်က ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ သို့ရာတွင် ကွမ်းလုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်တွင်မူ TNLA အဖွဲ့ ပါဝင်ခြင်း မရှိခဲ့ဟု ပြန်လည်ဖြေကြားသည်။“အဲဒီ ဖြစ်စဉ်ကိုတော့ Facebook တွေမှာလည်း တွေ့တယ်။ အဲဒီဖြစ်စဉ်မှာ ကျွန်တော်တို့ မရှိဘူး။ ၁ဝ ရက်နေ့တုန်းကတော့ တပ်ပေါင်းစုအဖွဲ့နဲ့  တပ်မတော်နဲ့ တစ်ပွဲတော့ ဖြစ်တယ်။ တစ်ပွဲဆို တစ်နေကုန်လောက် ကြာတယ်။ မနေ့ကတော့ ကွတ်ခိုင်မြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်” ဟု မိုင်းအိုက်ကျော်က ပြောကြားသည်။ဒီဇင်ဘာ ၁ဝ ရက်က ရှမ်းပြည်မြောက်ပိုင်း၊ တာမိုးညဲမြို့နယ် ဆိုင်ခေါင်နှင့် ဟိုပုံကျေးရွာအကြားတွင် တပ်မတော်နှင့် TNLA၊ ကချင်တိုင်းရင်သား လက်နက်ကိုင်တပ် KIA၊ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်-MNDAA (ကိုးကန့်အဖွဲ့)တို့ ပါဝင်သည့် တိုင်းရင်းသားပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ပြင်းထန်မှုရှိခဲ့ပြီး နံနက် ၅ နာရီမှ ညနေ ၅ နာရီအထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။လက်ရှိအစိုးရ၏ ဆွေးနွေးဘက်အဖြစ် သဘောတူထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ရှိရာ KIA၊ TNLA တို့မှာ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း ဆွေးနွေးဘက်အဖြစ် အစိုးရဘက်မှ သတ်မှတ်ထားကြောင်းနှင့် MNDAA (ကိုးကန့်အဖွဲ့)အဖွဲ့ကိုမူ အစိုးရမှ ဆွေးနွေးဘက်အဖြစ် သတ်မှတ်မထားကြောင်း သိရသည်။သို့ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တွင်မူ MNDAA (ကိုးကန့်အဖွဲ့) အဖွဲ့လည်း ပါဝင်ကြောင်း သိရသည်။ပြီးခဲ့သည့် စက်တင်ဘာလက ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆွေးနွေးပွဲ မပြေမလည် ဖြစ်ခဲ့ပြီးနောက် တိုင်းရင်းသားဒေသများတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု များပြားခဲ့သည်။

Most Read

Most Recent