ချောင်းသာကမ်းခြေ သာယာလှပစေရေးအတွက် ပထမဆုံးအကြိမ်အဖြစ် ဒေသခံများ စုပေါင်း အမှိုက်ကောက်

ချောင်းသာကမ်းခြေ သာယာလှပစေရေးအတွက် ပထမဆုံးအကြိမ်အဖြစ် ဒေသခံများ စုပေါင်း အမှိုက်ကောက်
Published 19 December 2014
မင်းသူဝင်းထွဋ်

ရေထုညစ်ညမ်းမှုနှင့် ကမ်းခြေအလှ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေသော ချောင်းသာကမ်းခြေတွင် ကမ်းခြေ သာယာလှပစေရေးအတွက် ပထမဆုံးအကြိမ်ဖြစ် သံဃာတော်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံများ စုပေါင်း၍ စုပေါင်းအမှိုက်ကောက်ပွဲကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၆ နာရီမှ စတင်ကာ မွန်းလွဲပိုင်းအထိ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။“ဌာနဆိုင်ရာများဘက်က ကျွန်တော်တို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဦးဆောင်တာပါ။ ကမ်းခြေအလှ မပျက်စီးရေး၊ ကမ်းခြေသာယာလှပမှု ရေရည်တည်တံ့ရေးအတွက် လုပ်ဆောင်တာပါ။ နှစ်ပတ်ကိုတစ်ကြိမ် စနေနေ့တိုင်းမှာ ပြုလုပ်သွားဖို့ ရှိပါတယ်” ဟု ရွှေသောင်ယံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးက ပြောကြားသည်။စုပေါင်းအမှိုက်ကောက်ပွဲတွင် ချောင်းသာကမ်းခြေရှိ ဆရာတော် သံဃာတော်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ကမ်းခြေအလှ ထိန်းသိမ်းလိုသူ ဒေသခံများ စုပေါင်းပါဝင်ခဲ့ပြီး အပန်းဖြေ ခရီးသွားလာသူများ စွန့်ပစ်ခဲ့သည့် ကမ်းခြေမှ အမှိုက်များ၊ သဘာဝအလျောက် ရောက်ရှိလာသော အမှိုက်များကို စုပေါင်းကောက်ယူ သိမ်းဆည်းခဲ့ကြောင်း သိရသည်။“ကျွန်တော်တို့ ချောင်းသာကမ်းခြေက ဆရာတော်နှစ်ပါး ဦးဆောင်တာပါ။ ဒီကမ်းခြေကိုပဲ မှီခိုပြီး ကျွန်တော်တို့တွေ ဘဝရပ်တည်တယ်။ ဒါ့ကြောင့် ဒီကမ်းခြေရဲ့အလှတွေ ရေရှည်တည်မြဲဖို့ အားလုံးဝိုင်းဝန်း ထိန်းသိမ်းဖို့လိုတယ်။ ကမ်းခြေအလှ ထိန်းသိမ်းထားနိုင်ဖို့ အခုလို အမှိုက်တွေမရှိဖို့ လိုတယ်။ နောက်ပိုင်းမှာ အခုလို လုပ်ဆောင်ခြင်းအားဖြင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူတွေ လျော့နည်းသွားပြီး ကမ်းခြေ ပိုလှပလာလိမ့်မယ်လို့ ထင်ပါတယ်” ဟု ချောင်းသာကမ်းခြေမှ ဒေသခံ ကိုငယ်လေးက ပြောကြားသည်။ဧရာဝတီတိုင်းဒေသကြီး၏ အပန်းဖြေစရာ ပင်လယ်ကမ်းခြေများအဖြစ် ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေဟု နှစ်ခုရှိရာမှ ချောင်းသာကမ်းခြေမှာ ယခုနှစ်ပိုင်းများအတွင်း ပင်လယ်ရေ ညစ်ညမ်းလာခြင်း၊ ကမ်းခြေအလှ လျော့ကျလာခြင်းများကြောင့် ပြည်တွင်းခရီးသွားများ အနေဖြင့် ငွေဆောင်ကမ်းခြေကိုသာ ပိုမိုရွေးချယ် သွားလာနေကြကြောင်း သိရသည်။ကမ်းခြေသာယာလှပရေး၊ ခရီးသွားပြည်သူများ အပန်းဖြေရာတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် ကမ်းခြေတွင် စည်းကမ်းမဲ့ ဈေးရောင်းခြင်း၊ ဗြောက်ဖောက်ခြင်း၊ မီးပုံပွဲပြုလုပ်ခြင်း၊ ကမ်းခြေ၌ ဆိုင်ကယ်၊ ကား၊ မြင်းစီးခြင်းများကို အရေးယူဖို့ ဆောင်ရွက်နေကြောင်းနှင့် နှစ်သစ်ကူးရက်တွင် မီးပုံပွဲများ ပြုလုပ်ခြင်း၊ မီးရှူးမီးပန်း ဖောက်ခြင်းများအတွက်လည်း ခွင့်ပြုရန် အစီအစဉ် မရှိသေးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးက ပြောကြားသည်။

Most Read

Most Recent