အန္တရာယ်ရှိ အဆောက်အအုံအဖြစ် စီမံချက်ဖြင့် သတ်မှတ်ခဲ့၍ သုံးရက်အတွင်း အမြန်ဖယ်ရှား ပေးခဲ့ရသော်လည်း လေးနှစ်နီးပါး ကြာသည်အထိ ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိ၍ နိုင်ငံတော်သမ္မတထံ အသနားခံစာတင်မည်

အန္တရာယ်ရှိ အဆောက်အအုံအဖြစ် စီမံချက်ဖြင့် သတ်မှတ်ခဲ့၍ သုံးရက်အတွင်း အမြန်ဖယ်ရှား ပေးခဲ့ရသော်လည်း လေးနှစ်နီးပါး ကြာသည်အထိ ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိ၍ နိုင်ငံတော်သမ္မတထံ အသနားခံစာတင်မည်
Published 19 December 2014

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းပေါ်ရှိ အမှတ် (၃၁၆) နှစ်ခန်းတွဲ ၈ ထပ်တိုက် အဆောက်အအုံအား အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့၍ ယင်းအဆောက်အအုံမှ နေထိုင်သူများမှာ သုံးရက်အတွင်း အမြန်ပြောင်းရွှေ့ ဖယ်ရှားပေးခဲ့ရသော်လည်း ၄ နှစ်နီးပါး ကြာသည်အထိ ယင်းအဆောက်အအုံများ ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသောကြောင့် နိုင်ငံတော်သမ္မတထံ အသနားခံစာ တင်ပြမည်ဖြစ်ကြောင်း အဆိုပါ အဆောက်အအုံတွင် မူလနေထိုင်ခဲ့သူ အချို့ထံမှ သိရသည်။
ယင်းအဆောက်အအုံအား ၂၀၁၀ ပြည့်နှစ် မတ် ၁၉ ရက်စွဲဖြင့် စီမံချက် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် ၂၀၀၉ ခုနှစ် ဧပြီ ၃ ရက်တွင် စစ်ဆေးသတ်မှတ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခန်းနေထိုင်သူများမှ သုံးရက်အတွင်း ဖယ်ရှားပေးရန်၊ ဖယ်ရှားခြင်း မပြုပါက အင်အားသုံး ဖယ်ရှားမည့်အပြင် မူလနေထိုင်သူစာရင်းမှ ပယ်ဖျက်၍ ပြန်လည်နေရာ ချထားပေးမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အမိန့်ညွှန်ကြားစာ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါညွှန်ကြားစာ ရောက်ရှိလာ၍ တိုက်ခန်းနေထိုင်သူများမှာ ကြောက်လန့်ပြီး မိမိစရိတ်ဖြင့် တိုက်ခန်းရှိ ပစ္စည်းအချို့ကိုသာ ဖြုတ်ယူသယ်ဆောင်နိုင်ခဲ့ကာ မိမိစရိတ်ဖြင့်သာ ပြင်ပတွင် ဈေးကြီးပေး၍ ယခုအချိန်အထိ အိမ်ငှားနေထိုင် နေကြရသည်ဟု မူလတိုက်ခန်းတွင် နေထိုင်သူအချို့က ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ပြောကြားချက်အရ စီမံချက်ဖြင့် သတ်မှတ်သည့် အန္တရာယ်ရှိ အဆောက်အအုံများအား နှစ်နှစ်အတွင်း အပြီးပြန်လည် တည်ဆောက်ရမည်ဟု အတိအလင်း ထုတ်ပြန်ထားသော်လည်း ယခုအဆောက်အအုံမှာ လေးနှစ်နီးပါး ကြာသည်အထိ ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးကြောင်း၊ စည်ပင်မှဦးဆောင်၍ ယင်းနှင့်ပတ်သက်၍ အစည်းအဝေး အကြိမ်ကြိမ် ခေါ်ယူခဲ့သော်လည်း မြေရှင်ဖြစ်သူက အစည်းအဝေး တက်ရောက်ခြင်း မရှိဘဲ ဗိုလ်တထောင်မြို့နယ် ၃ ရပ်ကွက် ယခင်(ရ.ယ.က)ရုံးသို့လည်း အဆောက်အအုံ ပြန်ဆောက်ရန်ကိစ္စ မြေရှင်နှင့် ညှိနှိုင်းပေးရန် အကူအညီတောင်းခံခဲ့ရာ နေထိုင်သူများသာ လာရောက်ပြီး မြေရှင်လာရောက်ခြင်း မရှိခဲ့ကြောင်း တိုက်ခန်းတွင် မူလနေထိုင်ခဲ့သူ အချို့၏ ပြောကြားချက်အရ သိရသည်။
"လက်ရှိမှာ တိုက်ခန်းငှားခတွေကလည်း ဈေးအရမ်း မြင့်နေပါပြီ။ မိမိစရိတ်နဲ့ ငှားနေရတာဆိုတော့ မတတ်နိုင်တော့ဘူး။ အများကြီး နစ်နာနေရပါတယ်" ဟု အဆိုပါ အဆောက်အအုံတွင် မူလနေထိုင်ခဲ့သူ မနီလာက ပြောကြားသည်။
ယင်းအဆောက်အအုံများ ပြန်လည်ဆောက်လုပ်လိုလျှင် တိုက်ခန်းနေထိုင်သူများ အချိုးကျ ထည့်ဝင်ငွေဖြင့်သာ ဆောက်လုပ်ကြရမည် ဖြစ်ကြောင်းနှင့် တိုက်ခန်းနေထိုင်သူများ ရွေးချယ်ထားသော ကန်ထရိုက်လေးငါးဦးခန့်ကိုလည်း မြေရှင်မှ လက်မခံကြောင်း၊ ယင်းအဆောက်အအုံမှာ ဖြိုဖျက်ပြီးဖြစ်သောကြောင့် ယခုအခါ မြေကွက်လပ်ကြီးသာ ဖြစ်နေပြီး မြေကွက်ရှေ့တွင် ချုံ နွယ်များပင် ပေါက်နေပြီး အကျည်းတန်နေသည်ဟု နေထိုင်သူအချို့က ပြောကြားသည်။
"လမ်း ၃၀ မှာ တိုက်ပြိုတဲ့ကိစ္စ ဖြစ်သွားတဲ့အတွက် အစ်ကိုတို့အနေနဲ့  ကတိုက်ကရိုက် ဖယ်ပေးခဲ့ရတာပါ။ အခုဒီကိစ္စနဲ့ ပတ်သက်ပြီး စည်ပင်ကိုလည်း တင်ပြထားတာ ကြာနေပါပြီ။ အစည်းအဝေးလည်း အကြိမ်ကြိမ်ခေါ်တယ်။ မထူးခြားသေးဘူး။ တကယ်တမ်းဆိုရင် စည်ပင်အနေနဲ့ နဂိုအန္တရာယ်ရှိ သတ်မှတ်စဉ်ကတည်းက သုံးရက်အတွင်း အဆောက်အအုံက ဖယ်ပေးပါလို့ အမိန့်စာ ထုတ်ခဲ့တာဆိုတော့ သူကတာဝန်ယူပြီး ဖြေရှင်းပေးရမှာပေါ့။ အခုဟာက မဖြေရှင်းပေးဘဲ ခေါင်းရှောင်နေတဲ့သဘော ဖြစ်နေတယ်။ မြေရှင်ကအစည်းအဝေး မလာရင်လည်း မြေရှင်ကို ဖိအားပေးပြီး လုပ်သင့်တာပါ" ဟု အဆိုပါအဆောက်အအုံတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
ရန်ကုန်မြို့တော်တွင် ယင်းကဲ့သို့ နှစ်ကာလကြာမြင့်သည်အထိ ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးသော အန္တရာယ်ရှိ အဆောက်အအုံ များစွာရှိနေပြီး ယခုအချိန်အထိ ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးသော အဆောက်အအုံ ၁၀၀ ကျော်ရှိနေသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ထားမှုအရ သိရသည်။

Most Read

Most Recent