လက်ပံတောင်းတောင် စီမံကိန်းဧရိယာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး ရွာသားနှစ်ဦး သေနတ်ဒဏ်ရာရ

လက်ပံတောင်းတောင် စီမံကိန်းဧရိယာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး ရွာသားနှစ်ဦး သေနတ်ဒဏ်ရာရ
Published 19 December 2014
ဟိန်းမင်းထက်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ လိပ်ခွံတောင်ခြေ ရဲကင်းအနီးတွင် ဒီဇင်ဘာ ၁၃ ရက် နံနက် ၁ဝ နာရီဝန်းကျင်က လယ်ယာမြေလျော်ကြေးနှင့် သီးနှံလျော်ကြေး ရယူထားခြင်း တစ်စုံတစ်ရာမရှိသေးသည့် တောင်သူ ၃၉ ဦး ပိုင်ဆိုင်သည့် ယာမြေဧက ၁၂ဝ ခန့်အား မြန်မာ-ဝမ်ပေါင်ကုမ္ပဏီမှ သွပ်ဆူးကြိုး ခြံစည်းရိုးခတ်ရန် ပြင်ဆင်မှုအား ဒေသခံ မိုးကြိုးပြင်ကျေးရွာ တောင်သူအင်အား ၈ဝ နီးပါးမှတားမြစ်ရာ ရဲတပ်ဖွဲ့ဝင်အင်အား ၁ဝဝ နီးပါးခန့်နှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားပြီး မိုးကြိုးပြင်အလယ်ရွာမှ ရွာသားနှစ်ဦး သေနတ်ကျည်ဆံထိမှန်ပြီး ဒဏ်ရာများရရှိခဲ့ကာ ရဲတပ်ဖွဲ့ဘက်မှလည်း ဘတ်ခွမှန်သည့် ဒဏ်ရာတချို့ ရရှိသွားခဲ့ကြောင်း သိရသည်။
“ရဲတပ်ဖွဲ့အင်အားက ၁ဝဝ ကျော် လောက်ရှိမှာပါ။ ခြံစည်းရိုးခတ်ဖို့ လာတယ်ဆိုတဲ့သတင်းရလို့ လာစောင့်တာ၊ မနက် ၁ဝ နာရီလောက်မှာ ပြဿနာစတက်ပါတယ်။ ရဲတပ်ဖွဲ့ဘက်ကနေပြီး မကြားဝံ့မနာသာစပြီး ဆဲရေးတိုင်းထွာလို့ ဒေသခံတွေ ဘက်ကလည်း ပြန်ပြောကြတာကနေစပြီး ပြဿနာတက်တယ်။ စပစ်တာတော့ သူတို့ဘက်ကနေစပြီး ပစ်တာပါ။ တင်းမာမှု ဖြစ်ပွားပြီးတော့ လုံခြုံရေးတွေက သေနတ်နဲ့ မနက်ပိုင်းမှာ ၁၃ ချက်လောက်ပစ်တယ်။ မိုးကြိုးပြင် အလယ်ရွာက ဒေါ်သန်းမြရဲ့သား ကိုပေါဌေးဆိုတဲ့သူကို မှန်သွားတယ်။ နောက်တစ်ယောက်က ကိုဇော်ထွန်း  ဆိုတဲ့သူကို လက်မောင်းထိမှန်တယ်။ အခုပြဿနာက မြေယာလျော်ကြေးနဲ့ သီးနှံလျော်ကြေး ဘာတစ်ခုမျှ မရသေးတဲ့ ယာမြေတွေအပေါ်မှာ အဆောက်အအုံတွေဆောက်ပြီး ခြံစည်းရိုးတွေခတ်လို့ ဖြစ်ရတာပါ။ ကျွန်မတို့ဘက်က ဒီပြဿနာတွေ ပြေလည်မှလုပ်ဖို့ တားမြစ်တာပါ။ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲ့ အမိန့်နဲ့ပစ်တယ်လို့ သိရပါတယ်” ဟု မိုးကြိုးပြင်ရွာသူ တစ်ဦးက ပြောကြားသည်။
“ကျွန်တော်က လိပ်ခွံတောင်နားက ကျွန်တော့်အခင်းမှာ ခရမ်းချဉ်သီးကောက်နေတုန်း တင်းမာမှုကို သွားကြည့်ရာကနေ သေနတ်နဲ့ အပစ်ခံရတာပ။ ပစ်လိုက်တာပဲသိတယ်။ ဘာကျည်ဆံနဲ့ ပစ်တယ်ဆိုတာ မသိပါဘူး။ မှန်လိုက်တော့ ပူထူပြီး ခဏနေတော့ လမ်းကောင်းကောင်း မလျှောက်နိုင်တော့ဘူး။ တင်ပါးကိုမှန်တယ်။ ပေါင်ခွကို မှန်တယ်။ နောက်တစ်ယောက်ကတော့ ဇော်ထွန်းကို မှန်တယ်။ လက်မောင်းပြဲပြီး ပေါက်ထွက်သွားတယ်။ ခုနစ်ချက်ချုပ်ရတယ်။ ဆေးရုံမှာချုပ်တာတော့ မဟုတ်ဘူး။ နီးစပ်ရာ ဆရာဝန်တစ်ယောက်ဆီမှာပဲ ချုပ်ခဲ့တယ်” ဟု သေနတ်ဒဏ်ရာရရှိသူ ကိုပေါဌေးက ဆိုသည်။
“ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး ထိန်းသိမ်းပြီး ဆောင်ရွက်ခဲ့တာပါ။ ရော်ဘာကျည်ဆံနဲ့ပဲ ပစ်တာပါ။ ဒီနေရာ၊ ဒီနယ်မြေ ဆိုတာကတော့ ပြည်ထောင်စု အစိုးရအဆင့်ကနေပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး မဝင်ရ၊ ပစ်ခတ်ဖမ်းဆီးမယ်ဆိုတဲ့ ဥပဒေတစ်ရပ် ထုတ်ပြန်ထားပြီးတဲ့ နယ်မြေပါ။ ရဲတပ်ဖွဲ့ဝင် အနေနဲ့ကတော့ ဘတ်ခွထိမှန်တဲ့ ဒဏ်ရာအနည်းငယ်စီ ရကြတယ်။ ဒိုင်းကွဲတာတွေလည်းရှိတယ်။ ဆေးရုံတက်ရလောက်တဲ့ အနေအထားတော့ မရှိခဲ့ပါဘူး” ဟု ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိက ပြောကြားသည်။
ယင်းကဲ့သို့ နှစ်ဖက်တင်းမာမှု ဖြစ်ပွားစဉ် ရွာသားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာကာ နှစ်ဖက်ထိပ်တိုက် တွေ့ရာတွင် အခြေအနေကို စောင့်ကြည့်နေကြပြီး ညနေ ၃ နာရီဝန်းကျင်တွင် လိပ်ခွံတောင်ပေါ်သို့ တက်ရန်ကြိုးပမ်းသော ဒေသခံများကို လုံခြုံရေးများက သေနတ်သုံးချက် ပစ်ဖောက်တားမြစ်ကာ ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
ထိုကဲ့သို့ နှစ်ဖက်တင်းမာမှု ဖြစ်ပွားနေချိန်တွင် ဒေသခံများက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ ခြံစည်းရိုးများဖျက်ပေးရေး၊ ဝမ်ပေါင်ကုမ္ပဏီ ဒို့နိုင်ငံကထွက်ဖို့အရေးတို့ကို တောင်းဆိုခဲ့ကြကာ ညနေ ၅ နာရီဝန်းကျင်တွင် ဒေသခံများက ပြန်လည်ထွက်ခွာသွား၍ လက်ပံတောင်းတောင် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ပြန်လည်ထွက်ခွာ သွားကြကြောင်း သိရသည်။
နှစ်ဖက်တင်းမာမှု ဖြစ်ပွားချိန်တွင် ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရာနှင့်ချီ၍ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လိပ်ခွံတောင်ခြေတွင် လွန်ခဲ့သည့် လပိုင်းအနည်းငယ်ခန့်ကလည်း ခြံစည်းရိုးအတွင်း ဝင်ရောက်နွားကျောင်းခဲ့သည့်  ဒေသခံရွာသားတချို့နှင့် ရဲတပ်ဖွဲ့တို့ ပဋိပက္ခ ဖြစ်ပွားကာ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး နှစ်ဖက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိဘဲ ပြဿနာပြီးဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent