ရှမ်းပြည်နယ် ကျောက်မဲမြို့နှင့် မိုင်းငေါ့အကြားတွင် တောင်ကျချောင်းရေကို ရောဂါ ပျောက်ကင်းသည်ဟုဆိုကာ လူအများအပြား ရေလာချိုးနေ

ရှမ်းပြည်နယ် ကျောက်မဲမြို့နှင့် မိုင်းငေါ့အကြားတွင် တောင်ကျချောင်းရေကို ရောဂါ ပျောက်ကင်းသည်ဟုဆိုကာ လူအများအပြား ရေလာချိုးနေ
■ Photo: CJ
■ Photo: CJ
Published 19 October 2023

ရှမ်းပြည်နယ်ကျောက်မဲမြို့နှင့် မိုင်းငေါ့အကြားတွင် တောင်ကျချောင်းရေကို ရောဂါပျောက်ကင်းသည်ဟုဆိုကာ လူအများအပြား ရေလာချိုးနေကြောင်း ကျောက်မဲဒေသခံအချို့က ပြောကြားသည်။

" တစ်ရက်ကို လူ ၅၀၀၊ ၆၀၀ လောက်လာချိုးကြတယ်။ ရောဂါပျောက်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လာချိုးကြတာ။ ပျောက်သလားမပျောက်သလားတော့ မသိပါဘူး" ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါနေရာမှာ ကျောက်မဲမြို့နှင့် မိုင်းငေါ့သွားကားလမ်း နမ့်မန်းရွာအနီးတွင် တည်ရှိပြီး ကျောက်မဲမြို့နှင့် ၁၂ မိုင်ခန့်ကွာဝေးကြောင်း၊ တောင်ကျရေထွက်နေသည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း အဆိုပါ ကျောက်မဲဒေသခံက ဆက်လက်ပြောကြားသည်။

" အရင်ကတော့ ကားသမားတွေ သွားလာရင် ချိုးနေတဲ့နေရာပေါ့ဗျာ။ ဆောင်းရာသီ ရောက်ပြီဆို အဲ့ဒီနေရာက ရေထွက်ပြီ။ အခုက ဘယ်သူက ဘယ်လိုသတင်းလွှင့်လိုက်တာလဲ မသိပါဘူး။ ရေထွက်တာက နှစ်ပေါင်း ၂၀ ကျော်နေပြီ။ အရင်က ချုံပုတ်တွေကြားထဲမှာရှိတာ။ အခုကတော့ လူတွေ တော်တော်များများ လာချိုးကြတာ။ ရောဂါပျောက်မပျောက်တော့ မသိဘူး။ အပူရှပ်ပြီး သေခဲ့တဲ့လူတွေတော့ ရှိခဲ့တယ်ဗျ" ဟု ကျောက်မဲ ဒေသခံတစ်ဦးက ပြောကြားသည်။

ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် သျှမ်းသံတော်ဆင့်က ဖော်ပြထားသည့် သတင်းအရ အဆိုပါနေရာတွင် အောက်တိုဘာ ၁၇ ရက်က ရေလာချိုးသည့်အမျိုးသမီးတစ်ဦး ချော်လဲကာ သေဆုံးခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

ယခုလပိုင်းမှ စတင်ကာ ရောဂါများပျောက်ကင်းသည်ဟုဆိုကာ လူအများအပြား ရေလာချိုးနေကြခြင်းဖြစ်ပြီး ကျောက်မဲ၊ နမ့်ဆန်၊ မိုင်းငေါ့၊ သီပေါ၊ နမ့်လန်မြို့များတွင် နေထိုင်သူများလည်း ရေလာချိုးနေခြင်းဖြစ်သည်ဟု ကျောက်မဲဒေသခံများထံမှ သိရသည်။

 

 

         

Most Read

Most Recent