မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ်စွန့်ခွာသူ နှစ်သန်းနီးပါးရှိလာပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များလည်း မြင့်တက်နေကြောင်း UNOCHA ထုတ်ပြန်

မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ်စွန့်ခွာသူ နှစ်သန်းနီးပါးရှိလာပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များလည်း မြင့်တက်နေကြောင်း UNOCHA ထုတ်ပြန်
Published 18 October 2023

မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ်စွန့်ခွာသူ နှစ်သန်းနီးပါးရှိလာပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များလည်း မြင့်တက်နေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်သည်။

နိုင်ငံတစ်ဝန်းတွင် ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေ စဉ်ဆက်မပြတ် တိုးမြင့်လျက်ရှိပြီး လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များလည်း မြင့်တက်နေကြောင်း UNOCHA က ဆိုသည်။

အထူးသဖြင့် အစီရင်ခံစဉ်ကာလအတွင်း ကချင်ပြည်နယ်နှင့် နိုင်ငံအရှေ့တောင်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၉ ရက်အထိ ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ နှစ်သန်းနီးပါးရှိလာပြီးဖြစ်ကြောင်းနှင့် ထိုအထဲကမှ လူဦးရေ ၁ ဒသမ ၇ သန်းနီးပါးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်မှုအပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါလူဦးရေ နှစ်သန်းနီးပါးသည် မရေရာသော အခြေအနေများနှင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လူမှုဘဝကယ်ဆယ်ရေးအကူအညီများ လိုအပ်နေကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ပဲခူးမြို့ မြို့ပြင်တွင် ထူးကဲသည့် ရေကြီးရေလျှံမှုကြောင့် ဒေသခံထောင်ချီပြီး ရေဘေးရှောင်ခဲ့ရသည့်အပြင် လယ်ယာစိုက်ခင်း ဧကထောင်ပေါင်းများစွာ ရေလွှမ်းခံခဲ့ရခြင်းကြောင့် ရိတ်သိမ်းပြီး ရိတ်သိမ်းဆဲ ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ထို့ပြင် ရှမ်း-ကယားပြည်နယ်စပ်တွင် မိုးသည်းထန်မှုကြောင့် ဖယ်ခုံမြို့နယ်၌ အောက်တိုဘာ ၉ ရက်က မြေပြိုခြင်းများ ရှိခဲ့သည့်အတွက် ပင်လုံနှင့် ဖယ်ခုံကြားက လမ်းပိုင်းပျက်စီးခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာပစ္စည်း သယ်ယူပို့ဆောင်မှုများ နှောင့်နှေးခဲ့ရကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့အခက်အခဲများ ရှိနေသော်လည်း လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်း‌များအနေဖြင့် ရွှေ့ပြောင်းအခြေချပြည်သူများအပေါ် လူမှုဘဝကယ်ဆယ်ရေးအကူအညီများ ဆက်လက်ပေးနေပြီး ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း လူဦးရေ ၁ ဒဿမ ၈ သန်းကျော်ကို အကူအညီများ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း UNOCHA  ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent