City Taxi အငှားယာဉ်၏ဘေးနှစ်ဖက် ကိုယ်ထည်တွင် ငါးလက်မခန့်အကျယ်ရှိ အဝါရောင်စတစ်ကာ ကပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင် ရေးကြီးကြပ်မှုကော်မတီ(YRTC)က ထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော City Taxi ယာဉ်များအား အခြားသောယာဉ်များနှင့် ကွဲပြားစွာ ထင်သာမြင်သာရှိစေရန်အတွက် City Taxi အငှားယာဉ်၏ဘေးနှှစ်ဖက် ကိုယ်ထည်တွင် ငါးလက်မခန့်အကျယ်ရှိ အဝါရောင်စတစ်ကာကို ယာဉ်၏ရှေ့မီးခွက်အောက်မှ နောက်မီးခွက်အထိ(ဘေးမှန်ခွင်အောက်မှ)ကပ်ခြင်းကို နိုဝင်ဘာ ၁ ရက် မှ စတင်ကာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
အဝါရောင်းလိုင်းစတေကာ ကပ်ပါက သတ်မှတ်ထားသည့် ဒီဇိုင်းအတိုင်း ညှပ်ခအပါအဝင် တန်ဖိုးမှာ ငါးထောင်ကျပ်ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ တပ်ဆင်ရာတွင် နိုဝင်ဘာ ၁ ရက်မှ ၂၀၂၄ ဇန်နဝါရီ ၃၁ ရက်အထိ သုံးလအတွင်း ကပ်ပါက ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင် ရေးကြီးကြပ်မှုကော်မတီ (YRTC)က ကျခံမည်ဖြစ်ကြောင်း၊ လက်ခမယူဘဲ YRTC ဝန်ထမ်းများဖြင့် ကပ်ပေးခြင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် City Taxi ယာဉ်ပိုင်ရှင်များကိုယ်တိုင် သတ်မှတ် ဒီဇိုင်းအတိုင်း မိမိအစီအစဉ်ဖြင့် စတစ်ကာကပ်ခွင့်(သို့မဟုတ်) ဆေးသုတ်ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင် ရေးကြီးကြပ်မှုကော်မတီ(YRTC)က သတင်းထုတ်ပြန်သည်။
သတ်မှတ်ကာလအတွင်း ဆောင်ရွက်ခြင်းမရှိသည့် City Taxi ယာဉ်များကို ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ ဒဏ်ရိုက်အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသည့် City Taxi ယာဉ်အရေအတွက်မှာ ငါးသောင်းနှင့်ခြောက်သောင်းအကြားရှိကြောင်း သိရသည်။