ဒေသတွင်း မတည်ငြိမ်မှုကို ဖြစ်စေသည့် ပြင်းထန်သောတိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်လုပ်ရပ်အားလုံးကို ကန့်ကွက်ရှုတ်ချကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောကြား

ဒေသတွင်း မတည်ငြိမ်မှုကို ဖြစ်စေသည့် ပြင်းထန်သောတိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်လုပ်ရပ်အားလုံးကို ကန့်ကွက်ရှုတ်ချကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောကြား
Published 11 October 2023

ဒေသတွင်း မတည်ငြိမ်မှုကို ဖြစ်စေသည့် ပြင်းထန်သောတိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်လုပ်ရပ်အားလုံးကို ကန့်ကွက်ရှုတ်ချကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားသည်။

ကချင်ပြည်နယ်တွင် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂက အောက်တိုဘာ ၁၀ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ၎င်းကထည့်သွင်းပြောကြားခဲ့သည်။

ကချင်ပြည်နယ်၌ အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် အမျိုးသမီးများနှင့် ကလေးငယ် အများအပြား၊ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးသူများအပါအဝင် အရပ်သားများ ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ရသည့်သတင်းများနှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် ထိတ်လန့်တုန်လှုပ်မိကြောင်း ပြောကြားသည်။

အိမ်နီးချင်းနိုင်ငံများအနေဖြင့် အထူးသဖြင့် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကို အပြည့်အဝအသုံးချကြရန်အတွက်လည်း အတွင်းရေးမှူးချုပ်က ဆက်လက်တိုက်တွန်းခဲ့သည်။

ထို့ပြင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့်အညီ အရပ်သားပြည်သူများကို အကာအကွယ်ပေးသင့်ကြောင်းကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ထပ်လောင်းပြောကြားသည်။

KIA ဌာနချုပ်အနီး မုန်လိုင်ခက်ကျေးရွာတွင် ပေါက်ကွဲမှုနှင့်ပတ်သက်၍ အောက်တိုဘာ ၁၁ ရက်တွင် တပ်မတော်က သတင်းထုတ်ပြန်ရာတွင် KIO/KIA  ဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသ၊ မုန်လိုင်ချက်(မုန်လိုင်ခက်)ကျေးရွာ တွင် အောက်တိုဘာ ၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုသည် အမိုနီယမ်နိုက်ထရိတ် (ယမ်း) သိုလှောင်ရုံ ပေါက်ကွဲမှုကြောင့်ဖြစ်ကြောင်း၊ မြေပြင်သတင်းဖော်ထုတ်ချက်များ၊ အမာခံသတင်းပေးများ၏ သတင်းပေးပို့ ချက်များအရ မုန်လိုင်ချက်အနီး KIA သင်တန်းကျောင်းရှိ အမိုနီယမ်နိုက်ထရိတ် (ယမ်း) သိုလှောင်ရုံပေါက်ကွဲ ခြင်းဖြစ်ကြောင်း၊ ၎င်း အမိုနီယမ်နိုက်ထရိတ် (ယမ်း) များမှာ KIA အဖွဲ့မှ ခေါင်းဆောင်များနှင့် ဒေါ်အားလီ (အားလီကျဲ) တို့ ပိုင်ဆိုင်ကြောင်း၊ ၎င်းဂိုဒေါင်အတွင်း အမိုနီယမ်နိုက်ထရိတ် (ယမ်း) ၁၀၅ တန်ခန့်နှင့် အခြား ပေါက်ကွဲစေတတ်သော ပစ္စည်းများ သိုလှောင်ထားကြောင်း ထုတ်ပြန်သည်။

ထို့နောက် အောက်တိုဘာ ၉ ရက် ညဉ့်နက်ပိုင်းတွင် မတော်တဆမှုတစ်ခုခုကြောင့် ရုတ်တရက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲသည့် အကြောင်းအရင်းအား စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ နယ်စပ်ဂိတ်တွင်လည်း တရုတ်နိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များက အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် KIA အဖွဲ့ဝင်နှင့် မိသားစုအချို့ထိခိုက်သေဆုံး/ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အချို့မီဒီယာများက တပ်မတော်က လေကြောင်းဖြင့် ဗုံကြဲတိုက်ခိုက်ခြင်းကြောင့်လည်း ကောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့်လည်းကောင်း ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု မဟုတ်မမှန် စွပ်စွဲ ပြောဆိုရေးသားလျက်ရှိသည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်အနီး လိုင်စင်ပို့စ်နီး ခဲယမ်းသိုလှောင်ရုံ တွင်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၁ ရက်တွင် လိုင်ဇာဒေသ ၊ ဂျာထူဂေါင်ရှိ မိုင်းစက်ရုံ၌ လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ခဲယမ်းနှင့် မိုင်းများ အကြီးအကျယ် ပေါက်ကွဲပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ပြီး KIA အဖွဲ့ဝင်များနှင့် မိသားစုဝင်များ ထိခိုက်သေကြေ ဒဏ်ရာရရှိခဲ့ကြောင်းလည်း Social Media များမှ တစ်ဆင့် တွေ့မြင့်သိရှိကြပြီးဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

တပ်မတော်အနေဖြင့် လက်တွေ့ကျသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး ရရှိရေး တို့အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှား မှုများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့ပြီးဖြစ်သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

ထို့ပြင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NCA စာချုပ်ပါ သဘောတူညီချက်များအတိုင်း အလေး ထားလိုက်နာ ဆောင်ရွက်လျက်ရှိပြီး မကြာမီကာလတွင်လည်းNCA ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ကို အနှစ် သာရရှိရှိ ကျင်းပနိုင်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း တက်ရောက်နိုင်ရေး ဖိတ် ခေါ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယနေ့အထိ ငြိမ်းချမ်းရေးတံခါး ဖွင့်လှစ်ထားဆဲဖြစ်ကြောင်းလည်း  တပ်မတော်က သတင်းထုတ်ပြန်သည်။