ပဲခူးတွင် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပွားနေပြီး ရေကြီးမှုကြောင့် နေအိမ်အတွင်း ပိတ်မိနေသူများလည်းရှိနေ

ပဲခူးတွင် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပွားနေပြီး ရေကြီးမှုကြောင့် နေအိမ်အတွင်း ပိတ်မိနေသူများလည်းရှိနေ
Published 9 October 2023

ပဲခူးတွင် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပွားနေပြီး ရေကြီးမှုကြောင့် နေအိမ်အတွင်း ပိတ်မိနေသူများလည်းရှိနေကြောင်း လူမှုကူညီရေးပြုလုပ်နေသူများနှင့် ပဲခူးမြို့ခံများထံမှ သိရသည်။

အောက်တိုဘာ ၈ ရက်တွင် ရွာသွန်းခဲ့သည့်မိုးမှာ ပဲခူးမြို့အတွက် နှစ်ပေါင်း ၅၉ နှစ်အတွင်း စံချိန်သစ် တင်ရှိခဲ့သည်။ စံချိန်သစ်တင်ရှိခဲ့သည့် မိုးရေချိန်လက်မမှာ ၇ ဒသမ ၈၇ လက်မဖြစ်ပြီး ယခင်စံချိန်ဟောင်းမှာ ၂၀၁၈ ခုနှစ်က စံချိန်တင်ခဲ့သည့် ၅ ဒသမ ၇၅ လက်မဖြစ်သည်။

ယင်းသို့ စံချိန်တင်မိုးရွာသွန်းပြီးနောက်ပိုင်းတွင် ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များသာမက ပဲခူးမြို့တွင်းမှာပင် ရေကြီးရေလျှံမှု အောက်တိုဘာ ၈ ညပိုင်းမှစတင်ကာဖြစ်ပွားခဲ့သည်။

“အခုလက်ရှိကတော့ ကျောက်ကြီးစု၊ ရွာသစ်၊ ဖောင်တော်ဦး၊ ဇိုင်းတောင်၊ ဇိုင်းမြောက်၊ မဇင်း၊ ကလျာဏီ၊ ကျွန်းသာယာဘက်တွေမှာက ရေမြှုပ်နေပါပြီ” ဟု ပဲခူးမြို့ဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် ရေကြီးနစ်မြုပ်မှုကြောင့် ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ပိတ်မိနေသူများလည်းရှိပြီး လာရောက်ကယ်ဆယ်ပေးရန် အကူအညီတောင်းခံမှုများလည်းရှိနေသည်ကို တွေ့ရသည်။

“အခုတော့ လှေဌားလို့ရသွားပြီ။ မနက်တုန်းကတော့ ရေကတက်လာ။ သွားလာဖို့ကလည်း လှေမရှိ တော့အဆင်မပြေဖြစ်သွားတယ်။ တချို့ပိတ်မိနေတာတွေလည်းရှိတယ်။ လှေဌားလို့ရတဲ့သူကတော့ ရွှေ့ပြောင်းလို့ရပေမယ့် ဌားဖို့အဆင်မပြေတဲ့သူတွေကတော့ အိမ်တွေထဲမှာရှိနေတယ်” ဟု ပဲခူးမြို့ မှော်ကန် ၅ လမ်းတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ပဲခူးမြို့နယ်အတွင်း ယခုတစ်ကြိမ်ရေကြီးမှုသည် ယခုနှစ်အတွင်း စတုတ္ထအကြိမ်ရေကြီးခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ဒီနှစ်မှာ ရေကြီးတာ လေးခါလောက်ရှိပြီ။ ဒါပေမဲ့ အခုတစ်ခါက အဆိုးရွားဆုံးပဲ။ ကျွန်မတစ်သက် မကြုံဖူးသေးဘူး” ဟု အသက် ၄၀ ကျော်အရွယ်ရှိ ပဲခူးမြို့ခံတစ်ဦးက ပြောကြားသည်။

နေအိမ်များတွင် ပိတ်မိနေသူများ များပြားနေသော်လည်း လှေမရှိသဖြင့် ကူညီနိုင်သည့်အခြေအနေနှင့် မမျှမတဖြစ်နေရာ တောင်းပန်ပါကြောင်း ပဲခူးမြို့ခံ လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“ဖုန်းဖြင့် အကူအညီတောင်းခံမှုများ အလွန်များပြားပြီး ကူညီနိုင်မှုမှာလှေမရှိ၍ အနည်းငယ်သာ ကူညီ ဆောင်ရွက်နိုင်ခဲ့၍တောင်းပန်ပါသည်ဗျာ” ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ရန်ကုန်မြို့မှ ပဲခူးမြို့သို့ သွားရောက်ကာ ရေကြီးနစ်မြုပ်မှုဒဏ်ကိုခံနေရသည့် ဒေသခံများကို ကူညီ ကယ်ဆယ်နေသည့် ရန်ကုန်မြို့မှ ကိုထင်လင်းအောင်၏ လူမှုကွန်ရက်စာမျက်နှာတွင် Live လွှင့်ဖော်ပြချက်အရ ပဲခူးမြို့လယ်ခေါင်တွင် ရေကြီးနေသည်ကို တွေ့ရသည်။

 “ရေစီးကတော်တော်သန်တယ်။ ကားတစ်စီးလည်းမြုပ်နေတယ်။ ကျွန်တော်တို့ကယ်ဆယ်ရေးကတော့ အကုန်လုံးကို ကယ်ဆယ်ဖို့တော့ မရနိုင်သေးဘူး။ လက်လှမ်းမီသလောက်တော့ လိုက်ကယ်ဆယ်နေတယ်။ ရေစီးကလည်း တောက်လျှောက်သန်နေပါတယ်။ မြို့တွင်းထဲကို ဖြတ်စီးနေတဲ့ ရေစီးအားကလည်း တော်တော်လေးကို သန်တယ်။ လက်ရှိအခြေအနေအရဆို ရေက လူ့ခါးစောင်းအကျော်မှာရှိနေတယ်။ တချို့နေရာတွေဆိုရင် ရင်ညွန့်လောက်အထိရှိနေတယ်” ဟု ကိုတင်လင်းအောင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

ရေကြီးမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပဲခူးမြို့ခံ လူမှုကူညီရေးအသင်းအချို့ထံ ဆက်သွယ်နေဆဲဖြစ်ပြီး ဖုန်းလိုင်းများမှာ ပြတ်တောက်လျက်ရှိသည်။

ထပ်မံရရှိသည့်် သတင်းများအရ ပဲခူးမြစ်ရေမှာ တန့်နေသော်လည်း ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများရှိနေသေးသည်ဟု မြို့ခံများထံမှ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေသည် နောက်တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့်တက်လာနိုင်ပြီး ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်ဟု ဖော်ပြထားသည်။ ယင်းကြောင့် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေရာများတွင် နေထိုင်သူ များအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားသည်။

Most Read

Most Recent