■ တန်ဖိုးရှိသောရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ပညာရေး

■ တန်ဖိုးရှိသောရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ပညာရေး
Published 4 October 2023

ပညာရေးသည် တန်ဖိုးရှိသောရင်းနှီးမြှုပ်နှံမှု တစ်ရပ်ဖြစ်သည်။ ဆင်းရဲသောတိုင်းပြည်နှင့် တိုးတက်ဖွံ့ဖြိုးသောတိုင်းပြည်တို့အကြားတွင် ပညာရေး၏ကွာဟမှုမြင့်မားခြင်းကို တွေ့ရပေလိမ့်မည်။ နိုင်ငံတစ်နိုင်ငံ  တိုးတက်ရေးအတွက်  အဓိကလုပ်ဆောင်ကြရသောကဏ္ဍများတွင် ပညာရေးကဏ္ဍသည်ထိပ်ဆုံးမှပါဝင်သည် ပညာရေးကဏ္ဍကိုပြုပြင်ပြောင်းလဲ ရသည့်အခါရေတိုပြုပြင်ပြောင်းလဲမှုနှင့် ရေရှည်ပြုပြင်ပြောင်းလဲမှုတို့ကို ချိန်သားကိုက်လုပ်ဆောင်နိုင်မှသာ သိသာသောရလဒ်ကိုရပေလိမ့်မည်။ ပညာရေးကဏ္ဍကို ပြောင်းလဲရာ၌  အတိမ်းအစောင်းအနည်းငယ်သည်ပင်လျှင် ကြီးစွာသောသက်ရောက်မှုမျိုးကိုဖြစ်စေနိုင်သည်။ နိုင်ငံရေးသည် ကျောင်းခန်းထဲမှလာသည်။ တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များသည်  စာသင်ခန်းများအတွင်းမှထွက်ပေါ်လာကြသည်။ ထို့ကြောင့် အမြော်အမြင်ကြီးမားသောခေါင်းဆောင်တိုင်းသည် ပညာရေးတိုးတက်အောင်မဖြစ်မနေ ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။

ပညာတတ်များနေရာရနေသော၊ ပညာရှင်များပေါများသောနိုင်ငံသည် ချမ်းသာကြွယ်ဝလေ့ရှိသည်။ ဆင်းရဲသောတိုင်းပြည်များအနေဖြင့် အနာဂတ်အတွက်ရည်မျှော်၍ ပညာတတ်များကိုများနိုင်သမျှများများပေါ်ထွက်စေရန် မွေးမြူတတ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ပညာမဲ့များသော ပညာသင်ကြားခွင့်ရရှိမှု အခြေအနေနိမ့်ပါးသောနိုင်ငံ သည် ဆင်းရဲမွဲတေသည်။ ယူနက်စကို၏ ယမန်နှစ်လေ့လာချက်တစ်ရပ်တွင် ဆင်းရဲမွဲတေမှုနှင့် ပညာသင်ကြားခွင့်ရရှိမှုတို့အကြား ဆက်နွှယ်မှုစစ်ဆေးချက်ပါရှိခဲ့သည်။ ယင်းစစ်ဆေးချက်တွင် ကလေးများနှင့်မြီးကောင်ပေါက်အရွယ်တို့  ပညာရေးမပြီးဆုံးခင် ကျောင်းမှထွက်ရသည့်နှုန်းမြင့်မားသောကြောင့် ကမ္ဘာ့ဆင်းရဲမွဲတေမှုနှုန်းသည်လည်း ကျဆင်းရန်လမ်းမမြင် ဖြစ်ရသည်ဟုဆိုထားသည်။ ယူနက်စကို၏ ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ်တွင် ကျောင်းမှ ထွက်ရသည့် ကလေးများ၊ မြီးကောက်ပေါက်အရွယ်နှင့်လူငယ်များသည် ၂၆၄ သန်းရှိနေ သည်။ ယင်းတို့အနက်မူလတန်းကျောင်းမှထွက်ရသည့် ကလေးအရေအတွက်သည် ၆၁ သန်းရှိပြီး အထက်တန်းအဆင့်မှထွက်ရသည့် မြီးကောက်ပေါက်အရွယ်သည် ၆၂ သန်းရှိ ကာလူငယ်များမှာ ၁၄၁ သန်းရှိသည်။

ကျောင်းမှထွက်ခဲ့ရသည့် လူအများစုသည် ပို၍ဆင်းရဲသောနိုင်ငံများတွင် နေထိုင်ကြသူများဖြစ်ကြောင်း တွေ့ရပြီး ယင်းနိုင်ငံများသည်ယေဘုယျအားဖြင့် ဝင်ငွေပို၍နိမ့်ပါးသောနိုင်ငံများဖြစ်ကာ အာဖရိက၊ ဗဟိုအာရှနှင့် တောင်အာရှ၊ အရှေ့ပိုင်းအာရှနှင့် အရှေ့တောင်အာရှ၊ အာရှအနောက်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းဒေသများရှိ နိုင်ငံများဖြစ်ကြသည်။ သေချာသည်မှာ ပညာရေးနှင့် ယင်းပညာရေးကို ရရှိနိုင်မှုအခွင့်အလမ်းနိမ့်ပါးခြင်းကစီးပွား ရေးဆိုင်ရာတိုးတက်ဖြစ်ထွန်းစေမှုအပေါ် အတားအဆီးဖြစ်နေပေသည်။ ပညာရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးမှုမရှိလျှင် ဆင်းရဲမွဲတေမှုလျှော့ချရေးကို အောင်မြင်အောင်လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ဖွံ့ဖြိုးမှုနှောင့်နှေးနေသည့် မြန်မာနိုင်ငံတွင်လည်း ပညာရေးကဏ္ဍကိုမလွဲ မသွေပြုပြင်ရန် လိုအပ်နေပေသည်။

ပညာရေးသည် အရေးကြီးပြီး ပညာရည်မြင့်မားသောတိုင်းပြည်တွင် ပြည်သူများ၏ ပျော်ရွှင်၍တည်ငြိမ်သောဘဝတွေ ဖန်တီးပေးနိုင်မည်။ အနာဂတ်အတွက် အာမခံချက်ပေးနိုင်မည်။ ဝင်ငွေမြင့်မားပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း  ပို၍များပြားသည်တန်းတူ ညီမျှအခွင့်အရေးပေးသည့် တရားမျှတမှုပိုမိုဖြစ်ထွန်းစေပြီး ဆင်းရဲချမ်းသာနှင့် လူတန်း စားခြားနားမှုကို ဖယ်ရှားနိုင်မှုအားကောင်းစေသည်။ ထို့ပြင်ဘဝရည်မှန်းချက်များနှင့် စိတ်ကူးပုံဖော်လိုမှုများအတွက် အထောက်အပံ့ဖြစ်စေသည်။ သို့ဖြစ်ရာမြန်မာနိုင်ငံအနေဖြင့်လည်း အရေးကြီးသောပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုကို လျင်လျင်မြန်မြန်လုပ်ဆောင်၍ စမ်းသပ်ခံကာလများဖြင့်လုံးချာလိုက်နေမှုကို အဆုံးသတ်ရန်လိုနေပေသည်။ ထိုသို့လုပ်ဆောင်ရာတွင် ရေတိုရေရှည်စီမံကိန်းများဖြင့် မှန်ကန်သင့်တော်သော မူဝါဒများချမှတ်နိုင်ရန် အရေးကြီးမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

အောက်တိုဘာ ၅ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်

Most Read

Most Recent