မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက နိုင်ငံရေးနှင့် စီးပွားရေးအရ ပိတ်ဆို့မှုများရှိသော်လည်း နစကအစိုးရအနေဖြင့် အထိုက်အလျောက် စီးပွားရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း နစကဒုတိယဥက္ကဋ္ဌ ပြောကြား 

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက နိုင်ငံရေးနှင့် စီးပွားရေးအရ ပိတ်ဆို့မှုများရှိသော်လည်း နစကအစိုးရအနေဖြင့် အထိုက်အလျောက် စီးပွားရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း နစကဒုတိယဥက္ကဋ္ဌ ပြောကြား 
Published 3 October 2023

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက နိုင်ငံရေးနှင့် စီးပွားရေးအရ ပိတ်ဆို့မှုများရှိသော်လည်း နစကအစိုးရအနေဖြင့် အထိုက်အလျောက် စီးပွားရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။ 

အောက်တိုဘာ ၂ ရက်က ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပြင်ဦးလွင်တပ်နယ်ရှိ သင်တန်းသားအရာရှိများ၊ နည်းပြအရာရှိများနှင့် မိသားစုများနှင့် တွေ့ဆုံရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ 

ထိုသို့တွေ့ဆုံရာတွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အား ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့် ဦးတည်ချက်ကိုးရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် အဆိုပါအခြေအနေတွင် တပ်မတော်သားများ ပါဝင်ဆောင်ရွက်နေမှုများကို သိရှိစေလို၍ ယခုကဲ့သို့လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အဆင့်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်၊ ခရိုင်/ မြို့နယ် အဆင့်အထိ အုပ်ချုပ်မှုဆိုင်ရာအဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်း၍ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်း တာဝန်အရပ်ရပ်ကို နေ့ညမပြတ်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖြစ်ပေါ်လာခြင်းသည် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၌ မဲမသမာမှုများနှင့် ယှဉ်တွဲအမြတ်ထုတ်လျက် နိုင်ငံတော်အာဏာသုံးရပ်ကို အဓမ္မရယူရန် ကြိုးပမ်းမှုအတွက် အဆိုပါပြဿနာရပ်များအပေါ်တပ်မတော်က ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုမှုအပေါ်တာဝန်ရှိသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ မသိကျိုးကျွံပြုလျက် ပြဿနာရပ်အပေါ် ရှောင်လွှဲမှုများကြောင့် ဖြစ်ပေါ်လာရသည်ကို အားလုံးကသိရှိပြီးဖြစ်ကြောင်း ပြောကြားသည်။ 

နိုင်ငံ့အာဏာအရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ္တထိန်းသိမ်းရာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အထိ ရှေ့လုပ်ငန်းစဉ် ငါးရပ်၊ ဦးတည်ချက် ၁၂ ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ စပြီး ပြောင်းလဲဖြစ်ပေါ်လာသော အခြေအနေများအရ ရှေ့လုပ်ငန်းစဉ် ငါးရပ်နှင့် ဦးတည်ချက် ကိုးရပ်ကို ပြောင်းလဲချမှတ် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ယခင်ရှေ့လုပ်ငန်းစဉ် ငါးရပ်တွင် ဖြစ်ပေါ်နေသော မဲမသမာမှုဆိုင်ရာများ ဖြေရှင်းရန်ကိစ္စ၊ ကိုဗစ်ကပ်ရောဂါကာကွယ်ကုသ၊ ထိန်းချုပ်ရန်ကိစ္စနှင့် ကိုဗစ်ရောဂါကြောင့် ယိုင်နဲ့နေသောစီးပွားရေးကို ပြန်လည်တည့်မတ်ရန်ဆိုသည့် အချက်သုံးချက်မှာ ယနေ့အချိန်တွင် ဖြေရှင်းဆောင်ရွက်ပြီးဖြစ်၍ ယနေ့အချိန်နှင့်ကိုက်ညီသည့် တစ်နိုင်ငံလုံးအတိုင်းအတာအရ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက် လည်းကောင်း၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားရေးတို့အတွက်လည်းကောင်း၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းတို့ကို ဆောင်ရွက်ရန်အတွက်လည်းကောင်း စသည့်အချက် သုံးချက်ဖြင့် အစားထိုးပြင်ဆင်လျက် ငြိမ်းချမ်းရေးဆိုင်ရာနှင့် အထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကိုမူ နိုင်ငံတော်၏ မူလရည်မှန်းချက်အတိုင်း ရှေ့လုပ်ငန်းစဉ်၌ ထည့်သွင်းလျက် အဆိုပါရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်၍ ဦးတည်ချက် ကိုးရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးတို့ကို အကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပါတီစုံဒီမို ကရေစီစနစ်သည် ပြည်သူ၏ဆန္ဒအရ ရွေးချယ်ထားသောစနစ်ဖြစ်ပြီး အစိုးရသက်တမ်း နှစ်ဆက်တိုင် ကျင့်သုံးဆောင်ရွက်ခဲ့သောစနစ်ဖြစ်၍ ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြု၍ မရကြောင်း၊ ထိုသို့ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံရေးအရ၊ စီးပွားရေးအရ မိမိတို့နိုင်ငံအပေါ် ပိတ်ဆို့မှုများရှိသော်လည်း နိုင်ငံသူ၊ နိုင်ငံသားအားလုံး မိမိတို့အစိုးရနှင့်အတူ စည်းစည်းလုံးလုံးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်မှုကြောင့် လက်ရှိဖြစ်ပွားနေသော နိုင်ငံတကာပဋိပက္ခများတွင် ကမ္ဘာ့စီးပွားရေးထိခိုက်မှုများကို နိုင်ငံအားလုံး အနည်းနှင့်အများ ခံစားနေကြရသည့် အခြေအနေတွင် မိမိတို့နိုင်ငံအနေဖြင့် ထိခိုက်မှုများရှိခဲ့သော်လည်း အထိုက်အလျောက် စီးပွားရေးတိုးတက်မှု ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။ 

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ တပ်နယ်ရှိသင်တန်းသား၊ နည်းပြအရာရှိများနှင့် မိသားစုများတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent