ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၂၅ ရက်အထိ ကိုးလအတွင်း YBS ယာဉ်များ တစ်စီးနှင့်တစ်စီး ကျော်တက်မောင်းနှင်မှု ၊ မီးနီဖြတ်မောင်းမှုအပါအဝင် စည်းကမ်းဖောက်ဖျက်သည့်အမှု ၁၆၆၉၉ မှုရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ထံက သိရသည်။
စည်းကမ်းဖောက်ဖျက်သည့်အမှု ၁၆၆၉၉ မှုအနက် ၈၁၈၆ မှုအား ဖြေရှင်းခဲ့ပြီး ဖြေရှင်းရန်ကျန်ရှိသည့် အမှုမှာ ၈၅၁၃ မှုဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုများမှာ ယာဉ်တစ်စီးနှင့်တစ်စီးကျော်တက်မောင်းနှင်မှု ၄၉၆ မှု၊ မှတ်သားဖမ်းဆီးမှု ၁၁၉၀၉ မှု၊ တိုင်ကြားမှု ၆၅၉ မှု၊ မီးနီဖြတ်မောင်းနှင်မှု ၁၇၆၁ မှု၊ သတ်မှတ်ကီလိုမီတာအထက်ကျော်လွန်မောင်းနှင်မှု ၇၉၁ မှု၊ သတ်မှတ်လမ်းကြောင်း အတိုင်းမမောင်းနှင်မှု ၅၅ မှု၊ Facebook မှတဆင့်သိရှိသည့်အမှု ခြောက်မှု၊ မဆင်မခြင်မောင်းနှင်မှု ၈၆ မှု၊ အခြားအမှု ၈၁၀ မှု၊ ရပ်နားချိန်ကြာမြင့်မှု ၁၂၂ မှု တို့ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ ကြီးကြပ်မှုအောက်တွင် YBS ခရီးသည်တင်ယာဉ် ၃၅၀၀ ခန့်သည် ရန်ကုန်မြို့တွင်း နေ့စဉ်ပြေးဆွဲလျှက်ရှိပြီး နေ့စဉ်ခရီးသွား ၁ ဒသမ ၄ သန်းခန့် ပျှမ်းမျှရှိကြောင်း သိရသည်။
YBS ယာဉ်များသည် ယာဉ်တစ်စီးနှင့်တစ်စီးအပြိုင်မောင်းနှင်ခြင်း၊ ယာဉ်တစ်စီးနှင့်တစ်စီး အရှိန်ပြင်းစွာမောင်းနှင်၍ ကျော်တက်ခြင်း၊ ထိုသို့ ယာဉ်တစ်စီးနှင့်တစ်စီး ကျော်တက်ခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်ခြင်း၊ ထိုသို့ကျော်တက်သဖြင့် ပြင်ထန်သော ယာဉ်တိုက်မှုများဖြစ်ပွား၍ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်စေခြင်း၊ မီးပွိုင့်များ၌ ယာဉ်ကြောသုံးခုစလုံးတွင် YBS ယာဉ်များ အပြိုင်အဆိုင်ရပ်တန့်ခြင်းတို့အပြင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ချမှတ်ထားသော စည်းကမ်းများအပေါ် လိုက်နာမှုမရှိဖောက်ဖျက်ခြင်းများပြုလုပ်ကြကြောင်း YRTC က ပြောကြားထားသည်။
ယင်းကြောင့် အဆိုပါ YBS ယာဉ်များ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာနိုင်ရေးနှင့်ပတ်သက်၍ YRTC က သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်းကာ စစ်ဆေးအရေးယူခြင်းများအပြင် YRTC ပို့ဆောင်ရေးဌာန(နည်းပညာ) YBO (Yangon Bus Operator) ဌာနများကလည်း YBS ယာဉ်များပေါ်တွင် Telematics Device များ တပ်ဆင်ပြီး Control Center မှ ထိန်းချုပ်ဖမ်းဆီးခြင်းများအပြင် ခရီးသည်မျးက ဓါတ်ပုံမှတ်တမ်းအထောက်အထားဖြင့် တိုင်ကြားခြင်းများကိုလည်း YRTC ၏ ပြစ်မှုပြစ်ဒစ် ၁၈၃ ချက်ဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း YRTC က ထုတ်ပြန်ထားသည်။