၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံ၍ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက် စာရင်းအရ မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ ၅၆ ဒသမ ၂ သန်းရှိပြီး အမျိုးသား ၂၆ သန်းကျော်နှင့် အမျိုးသမီး ၂၉ သန်းကျော်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ နိုင်ငံတော်၏မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ နှစ်အလိုက် ခန့်မှန်းလူဦးရေစာရင်းအား နှစ်စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းစာရင်းများ ထုတ်ပြန်ရာတွင် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်ထားရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ နှစ်လယ်ဖြစ်သော ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင်ရှိသည့် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၆ ဒသမ ၂ သန်းဖြစ်ကြောင်း သိရသည်။
အဆိုပါနေ့ရက်တွင်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခန့်မှန်းလူဦးရေစာရင်းမှာ ကချင်ပြည်နယ်တွင် အမျိုးသား အမျိုးသမီးစုစုပေါင်း နှစ်သန်း၊ ကယားပြည်နယ်တွင် အမျိုးသား အမျိုးသမီးစုစုပေါင်း သုည ဒသမ ၄ သန်း၊ ကရင်ပြည်နယ်တွင် အမျိုးသား အမျိုးသမီးစုစုပေါင်း ၁ ဒသမ ၆ သန်း၊ ချင်းပြည်နယ်တွင် အမျိုးသား အမျိုးသမီးစုစုပေါင်း သုည ဒသမ ၅ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အမျိုးသား အမျိုးသမီးစုစုပေါင်း ၅ ဒသမ ၇ သန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် အမျိုးသား အမျိုးသမီးစုစုပေါင်း ၁ ဒသမ ၆ သန်း၊ ပဲခူးတိုင်းဒေသကြီးတွင် အမျိုးသား အမျိုးသမီးစုစုပေါင်း ၅ သန်း၊ မကွေးတိုင်းဒေသကြီးတွင် အမျိုးသား အမျိုးသမီးစုစုပေါင်း ၃ ဒသမ ၉ သန်း၊ မန္တလေးတိုင်းဒေသကြီးတွင် အမျိုးသား အမျိုးသမီးစုစုပေါင်း ၆ ဒသမ ၈ သန်း၊ မွန်ပြည်နယ်တွင် အမျိုးသား အမျိုးသမီးစုစုပေါင်း ၁ ဒသမ ၉ သန်း၊ ရခိုင်ပြည်နယ်တွင် အမျိုးသား အမျိုးသမီးစုစုပေါင်း ၃ ဒသမ ၄ သန်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် အမျိုးသား အမျိုးသမီးစုစုပေါင်း ၉ သန်း၊ ရှမ်းပြည်နယ်တွင် အမျိုးသား အမျိုးသမီးစုစုပေါင်း ၆ ဒသမ ၈ သန်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် အမျိုးသား အမျိုးသမီးစုစုပေါင်း ၆ ဒသမ ၂ သန်း၊ နေပြည်တော်ကောင်စီနယ်မြေတွင် အမျိုးသား အမျိုးသမီးစုစုပေါင်း ၁ ဒသမ ၄ သန်းရှိကြောင်း သိရသည်။
ယင်းအတွက်ကြောင့် တစ်နိုင်ငံလုံး စုစုပေါင်းခန့်မှန်းလူဦးရေမှာ အမျိုးသား အမျိုးသမီးစုစုပေါင်း ၅၆ ဒသမ ၂ သန်းရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။















