မြန်မာနှင့် ရုရှား ပူးတွဲဥက္ကဋ္ဌတာဝန်ယူထားသည့် အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ မြေပြင်လက်တွေ့လေ့ကျင့်ခန်း ရုရှားနိုင်ငံတွင် သုံးရက်ကြာပြုလုပ်

မြန်မာနှင့် ရုရှား ပူးတွဲဥက္ကဋ္ဌတာဝန်ယူထားသည့် အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ မြေပြင်လက်တွေ့လေ့ကျင့်ခန်း ရုရှားနိုင်ငံတွင် သုံးရက်ကြာပြုလုပ်
Published 2 October 2023

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise)ကို စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ ရုရှားနိုင်ငံအရှေ့ဖျားဒေသ Primorsky Krai၊ Vladivostok မြို့ရှိ အရှေ့ပိုင်းစစ်ခရိုင် Sergeevsky လေ့ကျင့်ရေးနယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၆ ရက်တွင် Sergeevsky လေ့ကျင့်ရေးနယ်မြေ စစ်ရေးပြကွင်း၌ ဖွင့်ပွဲအထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ပါဝင်လေ့ကျင့်ကြမည့် အရာရှိ၊ စစ်သည်များ၊ အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ ဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ရုရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

ရုရှားနိုင်ငံအရှေ့ဖျားစစ်ဒေသ၊ ပစိဖိတ်ရေတပ်ဖွဲ့အကြီးအကဲ Admiral Viktor Nikolayevich Liina က အဖွင့်အမှာစကားပြောကြားပြီး လေ့ကျင့်ခန်း အထိမ်းအမှတ် အလံလွှင့်တင်ကာ မြေပြင်လက်တွေ့လေ့ကျင့်ခန်းတွင်ပါဝင်သည့် နိုင်ငံအလိုက် တပ်ဖွဲ့ဝင်များက စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြကြောင်းနှင့် နေ့လယ်ပိုင်းတွင် လေ့ကျင့်ခန်းအစီအစဉ်အရ Far Eastern Federal University ရှိ စီမံချက်ရေးဆွဲရေးအဖွဲ့၏ ကွပ်ကဲမှုဌာနချုပ်နေရာတွင် လေ့ကျင့်ခန်းအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရာ မြန်မာနိုင်ငံမှ ပူးတွဲဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ရုရှားနိုင်ငံမှ ပူးတွဲဥက္ကဋ္ဌ Vice Admiral Berezovsky Denis Valentinovich တို့က အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံအလိုက် ကိုယ်စားလှယ်များနှင့်အတူ လေ့ကျင့်ခန်းအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လေ့ကျင့်ခန်းအစီအစဉ်အား ကွပ်ကဲမှုအဖွဲ့များလေ့ကျင့်ခြင်းနှင့် မြေပြင်တပ်ဖွဲ့များ လက်တွေ့လေ့ကျင့်ခြင်း စသည့် အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်ခဲ့ရာ ကွပ်ကဲမှုဖွဲ့လေ့ကျင့်ခြင်းအနေဖြင့် စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်များတွင် Far Eastern Federal University ရှိ ကွပ်ကဲမှုလေ့ကျင့်ခန်းဌာနချုပ်၌ ကွပ်ကဲမှုအဖွဲ့ဆိုင်ရာလေ့ကျင့်ခန်းများအား လေ့ကျင့်ဆောင်ရွက်ခဲ့ပြီး မြန်မာ-ရုရှား နှစ်နိုင်ငံ တပ်မတော် ကိုယ်စားလှယ်များက ဦးဆောင်၍ မြန်မာနိုင်ငံ၌ပြုလုပ်ခဲ့သည့် စားပွဲတင်လေ့ကျင့်ခန်း (Table Top Exercise) တွင် ရေးဆွဲခဲ့သည့် စစ်ဆင်မှုစီမံချက်အား  အသေးစိတ်ပြန်လည်ညှိနှိုင်းဆွေးနွေးခြင်း၊ စစ်ဆင်မှုအဆင့် ကွပ်ကဲမှုအဖွဲ့များနှင့် နည်းဗျူဟာအဆင့် ကွပ်ကဲမှုအဖွဲ့များက လေ့ကျင့်ခန်းဆိုင်ရာ အစီအမံများအား  ညှိနှိုင်းဆွေးနွေး အတည်ပြုခြင်း၊ နိုင်ငံပေါင်းစုံပါဝင်သည့် တပ်ဖွဲ့များဖြင့် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအတွက် ပထမအဆင့် စစ်ဆင်မှုစီမံချက်အား အပြီးသတ်ရေးဆွဲခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လေ့ကျင့်ခန်း၏ ဒုတိယအဆင့်ဖြစ်သော မြေပြင်လက်တွေ့လေ့ကျင့်ခန်းအတွက် ပါဝင်လေ့ကျင့်ကြမည့် အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ တပ်ဖွဲ့ဝင်များက မြေပြင်လက်တွေ့ လေ့ကျင့်ခန်း အကြိုလေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြပြီး စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် မြေပြင်လက်တွေ့လေ့ကျင့်ခန်း ဆောင်ရွက်ခဲ့ရာ နိုင်ငံပေါင်းစုံပါဝင်သည့် တပ်ဖွဲ့ဝင်များက စီမံချက်ပါအတိုင်း အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် နယ်မြေတစ်ခုအတွင်း ဝင်ရောက်ချေမှုန်း တိုက်ခိုက်ခြင်း လက်တွေ့ လေ့ကျင့်ခန်းအား သက်ဆိုင်ရာလက်ရုံးတပ်ဖွဲ့များ၏ ပစ်ကူပစ်အားဖြင့် အောင်မြင်စွာ လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

မြေပြင်လက်တွေ့လေ့ကျင့်ခန်း(Field Training Exercise)လေ့ကျင့်ဆောင်ရွက်မှုနှင့် ပိတ်ပွဲအခမ်းအနားသို့ မြန်မာ့တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ခဲ့ပြီး မြေပြင်လက်တွေ့လေ့ကျင့်ခန်းတွင် ပါဝင်သည့် နိုင်ငံအလိုက် တပ်ဖွဲ့ဝင်များအား ရုရှားတပ်မတော်မှ တာဝန်ရှိသူများနှင့်အတူ ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ အလှည့်ကျပူးတွဲဥက္ကဋ္ဌများဖြစ်သော မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ဦးဆောင်မှုဖြင့် အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား အပြန်အလှန် နားလည်ယုံကြည်မှုနှင့် ချစ်ခင်ရင်းနှီးမှုများကို အခြေခံကာ ဒေသတွင်း အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လုပ်ရပ်များကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဩဂုတ် ၂ ရက်မှ ၄ ရက်အထိ မြန်မာနိုင်ငံ၊ နေပြည်တော်တွင် စားပွဲတင်လေ့ကျင့်ခန်း (Table Top Exercise) ကျင်းပပြုလုပ်ခဲ့ပြီး ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့တွင်လည်း စက်တင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) အား ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent