မူဆယ်-ရွှေလီနယ်စပ် နန်းတော်ဂိတ်မှ တရားဝင် Business ဗီဇာဖြင့် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်၍ ဖြတ်သန်းသွားလာခွင့် စတင်ခွင့်ပြု

မူဆယ်-ရွှေလီနယ်စပ် နန်းတော်ဂိတ်မှ တရားဝင် Business ဗီဇာဖြင့် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်၍ ဖြတ်သန်းသွားလာခွင့် စတင်ခွင့်ပြု
Published 1 October 2023

တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီမှုအရ တရုတ်-မြန်မာ နယ်စပ် ရွှေလီ-မူဆယ် နယ်စပ်ဂိတ် နန်းတော်ဂိတ် ၌ တရားဝင် ဗီဇာ(Business Visa)ဖြင့် နိုင်ငံကူး လက်မှတ်(passport)ကိုင်ဆောင်ကာ ဖြတ်သန်းသွားလာခြင်းကို ယနေ့(အောက်တိုဘာ ၁ ရက်‌)မှ စတင်၍ ခွင့်ပြုပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Business Visa ဖြင့် တရားဝင်နယ်စပ်ဖြတ်သန်းခွင့်ကို ယနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်မှ စတင်၍ မြန်မာနိုင်ငံဘက် တာဝန်ရှိသူများက စတင်၍ ပြင်ဆင်ခဲ့ပြီးနောက် နံနက် ၉နာရီခွဲအချိန်ခန့်၌ တရုတ်နိုင်ငံသား Mr. Wu Chunming ကစတင်ပြီး မြန်မာနိုင်ငံဘက်သို့ Business Visa ဖြင့်ဝင်ရောက်လာခဲ့ကာ လာရှိုးမြို့သို့ ခရီးဆက်ခဲ့ကြောင်းသိရသည်။

အဆိုပါ Business Visa ဖြင့် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ကာ ဖြတ်သန်းသွားလာခြင်းကို မူဆယ်ခရိုင်၊စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးနှင့်တကွ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မူဆယ်ခရိုင် လဝက မှူးနှင့်တကွ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ၊ရွှေလီမြို့တော်ဝန် Mr. Shang La Sianနှင့်တကွ တာဝန်ရှိ ကြသူများက လာရောက်ဖွင့်လှစ်ပေးခဲ့ပြီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြပြီးနောက် နှစ်နိုင်ငံချစ်ကြည်ရေး၊နှစ်နိုင်ငံနယ်စပ်ဖြတ် သန်းသွားလာမှု ပိုမိုလွယ်ကူစေရေးတို့အတွက် တွေ့ဆုံခဲ့ကြ ကာ နယ်စပ်ဖြတ်သန်းခွင့်တရားဝင်ဗီဇာ(Business Visa)ဖြင့် ဝင်/ထွက်ခြင်းကို စတင်ဖွင့်လှစ်လျက် လိုအပ် သည်များကိုလည်း ဆက်လက်ညှိုနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ် - မြန်မာ နယ်စပ်ဂိတ် နန်းတော် ဂိတ် မှတဆင့် ဝင်ရောက်လိုသူများသည် ရန်ကုန်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး (သို့မဟုတ်) မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ရုံး တို့၌ စီးပွားရေးမြန်မာနိုင်ငံကူးလက်မှတ် (BP – Passport for Business) စာအုပ်ဖြင့် Business Visa လျှောက်ထားရမည်ဖြစ်ပြီး လျောက်ထားစဉ်၌ မြန်မာနိုင်ငံသားများအနေဖြင့် နယ်စပ်ဂိတ်ပေါက်မှ ဖြတ်သန်းရန်ဟု တစ်ပါတည်းလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရုတ်-မြန်မာ နယ်စပ် နန်းတော်ဂိတ်၌ Passport စာအုပ်ဖြင့်ဝင်လာသူများနှင့် ထွက်ခွာသူများအတွက် FOREIGNER DEPARTUREနှင့် FOREIGNER ARRIVALတို့အပြင် ဧည့်သည်နိုင်ငံခြားသားများ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်လာလျှင် စစ်ဆေးဆောင်ရွက်မှုများ ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်းသိရသည်။

Most Read

Most Recent