ဒေါ်လာစျေး၊ ရွှေစျေး အေးလာသော်လည်း ထင်သလောက်မကျသေးသည့် အခြေခံစားသောက်ကုန်စျေးနှုန်းများ

ဒေါ်လာစျေး၊ ရွှေစျေး အေးလာသော်လည်း ထင်သလောက်မကျသေးသည့် အခြေခံစားသောက်ကုန်စျေးနှုန်းများ
ရန်ကုန်မြို့ ဈေးတစ်ဈေးတွင် ဈေးသည်ဈေးဝယ်တို့ကို စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ရန်ကုန်မြို့ ဈေးတစ်ဈေးတွင် ဈေးသည်ဈေးဝယ်တို့ကို စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 1 October 2023

နိုင်ငံခြားငွေလဲနှုန်း အတက်အကျသည် နိုင်ငံခြားငွေဝယ်လိုအားနှင့် ရောင်းလိုအားကို သက်ရောက်စေနိုင်သောအကြောင်းရင်းများအပေါ်တွင် အခြေခံပြီး အဓိကကျ သည့်အချက်များမှာ နိုင်ငံခြားငွေကြေးစျေး ကွက်အခြေအနေ၊ နိုင်ငံပို့ကုန်သွင်းကုန်ပမာဏ၊ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ ရသုံး မှန်းခြေငွေစာရင်းအခြေအနေ၊ စီးပွားရေး စနစ်အတွင်းရှိ ကုန်စည်နှင့်ဝန်ဆောင်မှုများ ၏ စျေးနှုန်းအခြေအနေတို့ဖြစ်သည်။

ဒေါ်လာစျေးမြင့်တက်မှုကြောင့် သွင်း ကုန်စျေးနှုန်းများ၊ အထူးသဖြင့် စျေးကွက်အ တွင်း သုံးစွဲမှုများပြားသော စက်သုံးဆီ၊ ဆက် သွယ်ရေးပစ္စည်း၊ ဆေးဝါး၊ အစားအစာကဲ့သို့ ကုန်စည်များကို စျေးနှုန်းမြင့်တက်စေပြီး ကုန် စျေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို မြင့် တက်စေမည်ဖြစ်သည်။

“ဒေါ်လာစျေးတွေတက်၊ စက်သုံးဆီ စျေ းတွေတက်တော့ ကုန်စျေးနှုန်းတွေအကုန် လိုက်တက်တယ်။ ယုတ်စွအဆုံး ကန်စွန်းရွက် တစ်စည်းကအစ တစ်စည်း ၄၀၀၊ ၅၀၀ ဖြစ် ကုန်တယ်။ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာဆိုရင် ဒေါ်လာစျေးက ဗဟိုဘဏ်က သတ်မှတ်တာ က ၂၁၀၀၊ ပြင်ပစျေးကွက်မှာ ၄၅၀၀ လောက် အထိ ဖြစ်သွားခဲ့တယ်။ ဒေါ်လာစျေးတက် တယ်ဆိုပြီး  တခြားသွင်းကုန်တွေ အကုန်စျေး တက်ကုန်တယ်။ ကုန်စျေးနှုန်းတွေဟာ ဆက် တိုက်ဆိုသလို တက်လာခဲ့တယ်” ဟု လုပ်ငန်း ရှင်တစ်ဦးက ပြောကြားသည်။

နိုင်ငံခြားငွေလဲနှုန်း ဆက်တိုက်မြင့် တက်မှုကြောင့် ဆေးစျေးကွက်အတွင်း ဆေး ၀ါးအများစုစျေးနှုန်း မြင့်တက်နေပြီး လက် ကားရောင်းချသူများက ပြည်ပမှတင်သွင်း သည့် ဆေးဝါးအချို့ကို ကန့်သတ်ရောင်းချမှု များရှိနေကြောင်းလည်း သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ ဆေးလက်လီလက်ကား အရောင်း ဆိုင်များမှ သိရသည်။

တောင်ဒဂုံမြို့နယ်အတွင်း ဆေးဆိုင် ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက “သူ့စျေးနဲ့ သူပေါ့ဗျာ။ ပြောရရင် ဆေးတွေ အကုန်စျေး တက်ပါတယ်။ တချို့ဆေးတွေဆို ပစ္စည်းပြတ်  နေပါတယ်။ တချို့ကျတော့လည်း ကုမ္ပဏီ တွေက အရောင်းပိတ်သွားကြတယ်။ အ ရောင်းလည်း ပါးပါတယ်။ ငါးကြီးဆီ ငါးလုံး တစ်ကတ်ကို မေလလောက်က တစ်ကတ် ၇၅၀ နဲ့ရောင်းနိုင်ပေမဲ့ အခု ၁၁၀၀ ရမှ ကျွန်တော် ရောင်းနိုင်တယ်။ ကျွန်တော်တို့ လည်း စျေးကြီးနဲ့ဝယ်ပြီးစျေးကြီးနဲ့ပဲ ပြန် ရောင်းနေရတော့ စားသုံးသူကို အားနာ တယ်။ အစားက မစားဘဲနေလို့ရပေမဲ့ ဆေး ကျတော့ မသောက်လို့မရဘူး”ဟုပြောကြား သည်။

ဘဏ္ဍာနှစ်တစ်နှစ်အတွင်း စားသုံးသူစျေးဆနှုန်း အခြေအနေ

          ၂၀၂၂-၂၀၂၃ ပထမသုံးလပတ်ဖြစ် သည့် ၂၀၂၂ ခုနှစ် ဧပြီမှဇွန်လအတွင်း စား သုံးသူစျေးဆနှုန်း CPI ၁၉၉ ဒသမ ၅၀ ၊ ဒု တိယသုံးလပတ်ဖြစ်သည့် ဇူလိုင်မှစက်တင် ဘာအထိ စားသုံးသူစျေးဆနှုန်း CPI၂၂၁ ဒသမ ၇၃၊ တတိယသုံးလပတ်ဖြစ်သည့်  အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း စားသုံး သူစျေးဆနှုန်း CPI ၂၄၄ ဒသမ ၉၄၊  စတုတ္ထ သုံးလပတ်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ စားသုံးသူစျေးဆနှုန်း CPI ၁၇၆ ဒသမ ၅၉ ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာ ရင်းအင်းအဖွဲ့က ထုတ်ပြန်သည့်စားသုံးသူ စျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေ အနေအရ သိရသည်။

သုံးလပတ်စာရင်းများအရ အထွေထွေ ကုန်ပစ္စည်းအုပ်စု၏ စျေးဆနှုန်းမှာ ပထမ သုံးလပတ်အတွင်း  ၂၀၁ ဒသမ ၂၀၊ ဒုတိယ သုံးလပတ်အတွင်း ၂၃၁ ဒသမ ၁၂၊ တတိယ သုံးလပတ်အတွင်း ၂၅၉ ဒသမ ၈၉၊ စတုတ္ထ သုံးလပတ်အတွင်း ၂၁၄ ဒသမ ၈၃ ဖြစ်ပေါ်ခဲ့ သည်။ယင်းအုပ်စုတွင် ဆံပင်ညှပ်ခ၊ သွားတိုက် ဆေး၊ ဆပ်ပြာ၊  ခေါင်းလျှော်ရည်၊ မုတ်ဆိတ် ရိတ်ဓား၊ ထီး အစရှိသဖြင့် အထွေထွေကုန် ပစ္စည်းများ စျေးနှုန်းမြင့်တက်ခဲ့ခြင်း ဖြစ် သည်။

သယ်ယူပို့ဆောင်ရေးအုပ်စု၏ စျေးဆ နှုန်းမှာ ပထမသုံးလပတ်အတွင်း  ၁၈ရဒသမ ၄၅၊ ဒုတိယသုံးလပတ်အတွင်း၂၀၀ ဒသမ ၁၂၊ တတိယသုံးလပတ်အတွင်း ၂၁၁ ဒသမ ၇၃၊ စတုတ္ထသုံးလပတ်အတွင်း ၂၁၂ ဒသမ ၀၆ ဖြစ်ပေါ်ခဲ့သည်။ စက်သုံးဆီစျေးနှုန်းများ ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ် ဧပြီ ၂၃ ရက်တွင် ဒီဇယ်တစ်လီတာလျှင် ၂၂၁၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာလျှင် ၁၉၂၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင်  ၁၉၈၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၃ ခု နှစ် မတ် ၂၄ ရက်တွင် ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၁၀၀ ၊ အောက်တိန်း 92 တစ် လီတာ လျှင် ကျပ်၂၁၀၀၊ အောက်တိန်း 95တစ်လီ တာလျှင် ၂၁၉၅ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

အစားအစာအုပ်စု၏ စျေးဆနှုန်းမှာ ပထမသုံးလပတ်အတွင်း၂၁ဝဒသမ ၀၇၊ ဒု တိယသုံးလ ပတ်အတွင်း၂၃၈ ဒသမ ၇၈၊ တ တိယ သုံးလပတ်အတွင်း ၂၆၆ ဒသမ ၁၄၊ စ တုတ္ထ သုံးလပတ်အတွင်း ၁၇၅ ဒသမ ၅၃ ဖြစ် ပေါ်ခဲ့သည်။

 “ဆန်ထဲမှာ ရွှေဘိုပေါ်ဆန်းဆိုရင် မေ ပထမပတ်ထဲမှာဝယ်တာ ခြောက်ပြည်အိတ် တစ်အိတ်ကို ၃၀၅၀၀ (တစ်ပြည်လျှင် ကျပ် ၅၁၀၀ )၊ စက်တင်ဘာလဆန်းမှာ ရွှေဘိုပေါ် ဆန်းတစ်ပြည်ကို ၇၂၀၀၊ ခြောက်ပြည်တစ် အိတ်ကို ၄၃၀၀၀ ပေးရတယ်။ လေးလအ တွင်း ခြောက်ပြည်တစ်အိတ်ကို ကျပ် ၁၂၅၀၀  စျေးတက်တာ” ဟု သင်္ဃန်းကျွန်းမြို့နယ်နေ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။

ကျန်းမာရေးအုပ်စု၏ စျေးဆနှုန်းမှာ ပထမသုံးလပတ်အတွင်း ၂၀၁ ဒသမ ၆၂၊ ဒု တိယ သုံးလပတ်အတွင်း၂၁၃ ဒသမ ၈၈၊ တ တိယ သုံးလပတ်အတွင်း ၂၃၄ ဒသမ ၆၃၊  စတုတ္ထ သုံးလပတ်အတွင်း ၁၇၈ ဒသမ၅၀ ဖြစ်ပေါ်ခဲ့သည်။ ကျန်းမာရေးအုပ်စုတွင်ပါ ဝင်သည့် ဆေးစျေးနှုန်း၊ ဆေးရုံဆေးခန်းများ ၏ စမ်းသပ်ခ၊ ဆေးရုံစရိတ်စကများလည်း မြင့်တက်လျက်ရှိသည်။

အဝတ်အထည်အုပ်စု၏ စျေးဆနှုန်းမှာ ပထမသုံးလပတ်အတွင်း  ၁၄၅ ဒသမ ၀၈၊ ဒု တိယသုံးလပတ်အတွင်း ၁၅၂ ဒသမ ၆၄၊ တ တိယ သုံးလပတ်အတွင်း ၁၆၉ ဒသမ ၅၇၊ စတုတ္ထ သုံးလပတ်အတွင်း ၁၄၄ ဒသမ ၀၄ ဖြစ်ပေါ်ခဲ့သည်။

ဆက်သွယ်ရေးအုပ်စု၏ စျေးဆနှုန်းမှာ  ပထမသုံးလပတ်အတွင်း  ၁၀၄ ဒသမ ၂၅၊ ဒု တိယသုံးလပတ်အတွင်း ၁၀၅ ဒသမ ၀၆၊ တတိယသုံးလပတ်အတွင်း ၁၀၆ ဒသမ  ၉၃၊ စတုတ္ထသုံးလပတ်အတွင်း ၁၂၂ ဒသမ ၈၀ ဖြစ်ပေါ်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆ နှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်း လဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင် ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ် ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့ နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင် စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ် ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်း အမျိုးအစားများမှာ အများသုံးစွဲသည့် ကုန် ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။ စားသုံးသူ  စျေး ဆနှုန်းတွက်ချက်ရန်အတွက် အစားအစာ အုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအ စာမဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်းအမျိုး အစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း  ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူတွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင်မူ စားသုံးသူစျေးဆ နှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့ကို ၂၀၁၇ ခုနှစ် အခြေခံနှစ် ပြောင်းလဲတွက်ချက်လျက် ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာ နမှသိရသည်။ စားသုံးသူစျေးဆနှုန်း CPI ကို အချိန်ကာလအလျောက် စျေးနှုန်းပြောင်းလဲ မှုနှင့် စားသုံးသူပုံစံပြောင်းလဲမှုကို တိုင်းတာ နိုင်ရန် တွက်ချက်ထုတ်ပြန်ခြင်းဖြစ်ပြီး နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းတွက်ချက်ရာတွင် အဓိက အသုံးပြုသည်။

ထင်သလောက်မကျသေးသည့် လူထုကြားက အခြေခံစားသောက်ကုန်စျေးနှုန်းများ

ဒေါ်လာငွေလဲနှုန်း တရိပ်ရိပ်မြင့်တက် ကာ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း  တစ် ဒေါ်လာလျှင် ကျပ် ၃၈၀၀၊ ကျပ် ၄၀၀၀ ကျော်အထိ မြင့်တက်ခဲ့ရာမှ လက်ရှိအချိန် တွင်မူ ဒေါ်လာစျေးသည် တစ်ဒေါ်လာလျှင် ကျပ် ၃၂၀၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်း လာပြီဖြစ်သည်။

 “ဒေါ်လာစျေးတွေသာ ကျလာတာ။ ကုန်စျေးနှုန်းက ဘာမှမကျသေးဘူး။ ဒေါ်လာ စျေးကြောင့် ကုန်စျေးနှုန်းတက်တာဆိုရင် ဒေါ်လာစျေးကျရင် ကုန်စျေးနှုန်းလည်း စျေးကျလာသင့်တာပေါ့” ဟု သင်္ဃန်းကျွန်း မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြား သည်။

ကျပ်ငွေတန်ဖိုးကျဆင်းမှု၏ နောက် ဆက်တွဲအဖြစ် လူထုအပေါ် သက်ရောက်မှု အတွက် စိုးရိမ်ပူပန်လာကြသည်။ စီးပွားရေး လုပ်ငန်းကြီးများနှင့် လုပ်ငန်းရှင်များကို သက်ရောက်ခြင်းထက် အခြေခံ လူထုအပေါ် သက်ရောက်နိုင်ခြေကို ပို၍စဉ်းစားတွက် ချက်ရတော့မည်ဖြစ်သည်။

ဒေသတွင်း နိုင်ငံများ၌အခြေခံလုပ် ခလစာအနိမ့်ဆုံး ဖြစ်သည့်  မြန်မာနိုင်ငံတွင် ဆင်းရဲချမ်းသာ ကွာဟမှုကြီးသည့်အချက် ကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။ အခြေခံလူထုကြားတွင် ဝင်ငွေနှင့်ထွက်ငွေ မမျှသည့် ပြဿနာသည် အကြီးမားဆုံးစိန် ခေါ်မှုဖြစ်နေသည်။

လတ်တလောတွင် ကျပ်ငွေတန်ဖိုး ကျ ဆင်းမှုနှင့်အတူ အခြေခံစားသောက်ကုန် စျေးနှုန်းများ မြင့်တက်နေဆဲဖြစ်ကာ ပြည် တွင်းစားသုံးသည့် ဆန်ချောစျေးတစ်အိတ် လျှင် ကျပ် ၁၃၀၀၀၀ ကျော် ရှိနေသည်။

 “အရင် (သြဂုတ်လဆန်း) က နို့မှုန့်တစ် ဘူး ၄၀၅၀၀။ အိမ်မှာက အသက် ၇၀ ကျော် လူကြီးတွေရှိတော့ ကျွန်မသုံးဘူး တစ်ခါတည်း ဝယ်လိုက်တယ်။ အခု (စက်တင် ဘာလ လယ်) တော့ တစ်ဘူး ၅၁၅၀၀ တဲ့။ စဉ်းစား ကြည့်ပါဦး။ တစ်လအတွင်း တစ်ဘူးကို ၁၀၀၀၀ ကျော်တက်သွားတာ။ အိုဗာတင်း၊ နို့မှုန့်၊ ကော်ဖီမစ်၊ အကုန်လုံးပါပဲ။ တရိပ်ရိပ် ကို တက်နေတာ”ဟု တာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ဆန်စျေးနှုန်းများ ဆက်တိုက်မြင့်တက် လာချိန်တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ၊ ဆန်စပါး ကုမ္ပဏီများ၊ ဆန်စက်ပိုင်များ၊ ကုန်သည် များက သက်သာသောစျေးနှုန်းဖြင့် ဆန်များ ရောင်းချခဲ့သည်။ ဆန်စျေးနှုန်းတည်ငြိမ်စေ ရန်နှင့် ကျဆင်းစေရန်ဟုဆိုကာ ဧည့်မထ ဆန်တစ်ပြည် ကျပ်၂၅၀၀ ဖြင့် ဆန်များ ရောင်းချပေးခဲ့သည်။

ပြည်တွင်းစားဆန်စျေးနှုန်းများ မြင့် တက်လာအောင် ရည်ရွယ်ချက်ရှိရှိ မူမမှန် သည့်ရောင်းဝယ်မှုပုံစံမျိုးဖြင့် ဝင်ရောက်စျေး ကစားမှုများရှိနေကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က စက်တင်ဘာ ၂၃ ရက် ကပြုလုပ်သည့်သတင်း စာရှင်းလင်းပွဲ တွင် ပြောကြားသည်။

 “မူမမှန်တဲ့နည်းလမ်းတွေနဲ့ပေါ့။ ဆန် တစ်အိတ်ကို နှစ်သိန်းလောက်အထိ ဆွဲခေါ် သွားမယ့်အစီအစဉ်တွေ ကြားရတယ်”ဟု ၎င်းင်းက ဆိုသည်။

ပြည်တွင်းဆန်စျေး မြင့်တက်လာ အောင် မူမမှန်သည့်ရောင်းဝယ်မှုပုံစံမျိုးဖြင့် စျေးကစားနေမှုများကို ထိုက်သင့်သည့်အ ရေးယူမှုများ ဆောင်ရွက်သွားနိုင်ရေး စီစဉ် ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်မှ သိရသည်။

 “စားအုန်းဆီရောင်းတဲ့ဆိုင်မှာပဲ ဧည့် မထဆန်တစ်ပြည် ၂၅၀၀ နဲ့ ရောင်းပေးတယ်။  စားအုန်းဆီဝယ်သလို ဧည့်မထဆန်ကိုလည်း တန်းစီပြီးဝယ်မှ တစ်ပြည် ၂၅၀၀ နဲ့ရတာ။ ကျန်တဲ့ဆန်ဆိုင်တွေမှာတော့ ဒီစျေးနဲ့မရပါ ဘူး။ ရွှေဘိုပေါ်ဆန်းတစ်ပြည် ၇၂၀၀၊ ၆၈၀၀ အစားစားပေါ့။ ရက် ၉၀၊ ဆင်းသုခတွေ တစ် ပြည် ၃၄၀၀၊ မြောင်းမြပုသိမ်ပေါ်ဆန်းတွေ တစ်ပြည် ၅၅၀၀၊ ၅၈၀၀ ချည်းပဲ။ ဆန်စျေး မကျပါဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေ ထိုင်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် အထွေထွေကုန်ပစ္စည်းများ၊ အ ခြေခံစားသောက်ကုန်များ စျေးနှုန်းမြင့်တက် ကာ ပညာရေး၊ကျန်းမာရေးစသည်ဖြင့် စရိတ် စကများလည်း ဆက်တိုက်မြင့်တက်လျက်ရှိ သည်။

 “အရင်က ဟင်းတစ်ပွဲ ၁၅၀၀ နဲ့ရောင်း တဲ့ဆိုင်က အခုဆိုရင် တစ်ပွဲ ၂၀၀၀၊ အမဲနှပ် ဆိုရင် ၂၅ဝဝအထိဖြစ်သွားပြီ။ ပဲဟင်းအရည် သောက်တစ်ပွဲကို ၇၀၀၊ ငါးရာဖိုးယူရင်တော့ ရောင်းပေးပါတယ်”ဟု သာကေတမြို့နယ်အ တွင်းရှိ ထမင်း၊ ဟင်းရောင်းချသောဆိုင်တွင် ဝယ်ယူခဲ့သူတစ်ဦးက ပြောပြသည်။

ပြင်ပအစားအသောက်အုပ်စုဖြစ်သည့်  အကြော်စုံ၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊             အသုပ်စုံ၊ ခေါက်ဆွဲကြော်/ကြာဆံကြော်၊ ကြေးအိုး၊ ထမင်းနှင့်ဟင်း၊ ဒံပေါက်၊ လက် ဖက်ရည် /ကော်ဖီ၊ ရေခဲမုန့်စသည်ဖြင့် ကုန် စည်အားလုံး စျေးတက်နေခြင်းဖြစ်သည်။

 “ရွှေစျေးက ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်မှ ာ ပြင်ပစျေးကွက်မှာ အခေါက်ရွှေတစ်ကျပ် သားကို ၃၈၁၀၀၀၀ ဝန်းကျင်ရှိတယ်။ စက် တင်ဘာ ၂၈ ရက်မှာ တစ်ကျပ်သားကို ကျပ် ၃၃၅၀၀၀၀ အထိကျသွားတယ်။ ဆိုတော့ တစ်လကျော်အတွင်းမှာ ၁၃ ရာခိုင်နှုန်းကျော် ကျသွားတယ်။ စက်တင်ဘာ ၃၀ ရက်မှာတော့  တစ်ကျပ်သား ၃၄၅၀၀၀၀ အထိဖြစ်သွား တယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက ပြော ကြားခဲ့သည်။

အလားတူ နိုင်ငံခြားငွေလဲနှုန်းများအ နေဖြင့်လည်း ပြီးခဲ့သည့်သြဂုတ် ၁၀ ရက်က  တစ်ဒေါ်လာလျှင် ကျပ် ၄၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ရာမှ စက်တင်ဘာ ၂၉ ရက်တွင်  ကျပ် ၃၃၀၀ ဝန်းကျင်အထိ စျေးကျဆင်းခဲ့ သည်။ ရာခိုင်နှုန်းအားဖြင့် ၂၁ ရာခိုင်နှုန်းခန့် စျေးကျလာခြင်းဖြစ်သည်။

 “စက်တင်ဘာလဆန်းကတည်းက ရွှေ စျေးငွေစျေးတွေက အကုန်ပြုတ်ကျလာတာ။ စျေးတွေက အသက်ရှူချောင်မယ့်စျေးနှုန်း လေးဖြစ်လာတယ်။ ရွှေစျေးဆိုရင် သိန်း ၄၀ အထိ အမြင့်ဆုံးတက်သွားခဲ့ပြီးတော့ အခုဆို ရင် ၃၅ သိန်းဝန်းကျင်အထိ ပြန်ကျလာပြီ။  တခြားဒေါ်လာစျေးငွေစျေးတွေလည်း ထို့ နည်းတူပဲ။ ဒေါ်လာကလည်း ၃၅၀၀ ဝန်း ကျင်ပဲရှိတယ်။ စင်ကာပူဒေါ်လာကလည်း ၂၅၀၀ ဝန်းကျင်ပဲရှိတော့တယ်။ ထိုင်းဘတ် က ၁၀၀ အောက်၊ ယူရိုက ၃၈၀၀ ဝန်းကျင် ပဲရှိတော့တယ်။ သြဂုတ်လက အမြင့်ဆုံးအ ချိန်နဲ့ယှဉ်ရင် ၁၀ ရာခိုင်နှုန်း ပြန်လည်ကျ ဆင်းလာပါတယ်။ ဟိုးအရင် ခြောက်လပိုင်း မတိုင်ခင်စျေးအထိတော့ ပြန်မရောက်သေး ပေမဲ့ အခုလိုကျခဲ့တာလေးကလည်း မဆိုးဘူး လို့ပဲ ဆိုရမှာပါ”ဟု ငွေကြေးစျေးကွက်ကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက သုံးသပ် ပြောကြားသည်။

သို့သော်လည်း ဒေါ်လာစျေး၊ရွှေစျေးများ အလှုပ်အခတ်ဖြစ်ချိန်တွင်  လိုက်ပါမြင့်တက် ခဲ့သည့် အခြေခံ စားသောက်ကုန်စျေးနှုန်း   များအနေဖြင့်မူ  ကျဆင်းမည့်အရိပ်အယောင် မတွေ့ရသေးဘဲ  ဆက်လက်မြင့်တက်နေဆဲ သာဖြစ်သည်။

 “အခုလောက်အနေအထားနဲ့ နောက် နှစ်ပတ်လောက်အထိ ဆက်လက်ငြိမ်နေ မယ်ဆိုရင် ကုန်စျေးနှုန်းတွေ၊ နိုင်ငံခြားတင် သွင်းပစ္စည်းတွေ စျေးကျလာရတော့မှာဖြစ် ပါတယ်။ လနဲ့ချီပြီး အကျစျေးမှာငြိမ်နေပြီ ဆိုရင် စျေးပြန်ချပြီးရောင်းသင့်ပါပြီ”ဟု ထိုင်း နိုင်ငံမှ လူသုံးကုန်များ တင်သွင်းရောင်းချ နေသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent