အာဆင်နယ်နည်းပြ အာတီတာက အသင်းကွင်းလယ်တိုက်စစ်ကစားသမား ဟာဗက်ဇ် ခြေစွမ်းပြနိုင်ရန်အတွက် မိမိတို့အနေဖြင့် အစွမ်းကုန် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက် ၂၄ နှစ်အရွယ်ရှိ ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား ဟာဗက်ဇ်သည် ပြီးခဲ့သည့်နွေရာသီကမှ ချယ်လ်ဆီးအသင်းမှ အာဆင်နယ်အသင်းထံသို့ ပေါင် ၆၅ သန်း ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် မနေ့ညက ဘုန်းမောက်အသင်းအား သွင်းယူခဲ့သည့် ပယ်နယ်တီဂိုးတစ်ဂိုးသာ ရရှိထားပြီး ဂိုးဖန်တီးမှုလည်း တစ်ကြိမ်မျှ ပြုလုပ်ပေးနိုင်ခြင်းမရှိသေးပေ။ ထို့ကြောင့် ဟာဗက်ဇ်သည် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး အာဆင်နယ်ပရိသတ်အချို့က ၎င်းကိုပွဲတိုင်းနီးပါး ပွဲထွက်ကစားခွင့်ပေးနေသည့် အသင်းနည်းပြ အာတီတာ၏ဆုံးဖြတ်ချက်ကိုပါ မေးခွန်းထုတ်လာကြောင်း သိရှိရသည်။
သို့သော် အာတီတာက ဟာဗက်ဇ်အနေဖြင့် ခြေစွမ်းပြနိုင်ရန်အတွက် ပွဲများ ကစားရန်လိုအပ်ကြောင်းနှင့် ၎င်းခြေစွမ်းပြနိုင်ရန် မိမိတို့ ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အာတီတာက "ဟာဗက်ဇ်ကို ကူညီနိုင်ဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ သူ့ရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့အတွက် သူ့အနေနဲ့ ပွဲတွေကစားဖို့လိုပါတယ်။ ဟာဗက်ဇ်အနေနဲ့လည်း အခုထက်ပိုပြီး တိုးတက်လာဖို့ ကြိုးစားနေတာပါ။ တကယ်လို့ ဟာဗက်ဇ်အနေနဲ့ ခြေစွမ်းမပြနိုင်ဘူးဆိုရင် ဒါက ကျွန်တော်တို့ရဲ့ လိုအပ်ချက်ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ သူ့အနေနဲ့ ခြေစွမ်းပြနိုင်ဖို့အတွက် အသင်းနဲ့အတူ ပွဲတွေအများကြီး ကစားဖို့လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ဟာဗက်ဇ်ရဲ့ယုံကြည်မှုကို မြှင့်ပေးဖို့ ကြိုးစားနေပြီး ဒါက သူ့အတွက် အကူအညီဖြစ်မှာပါ"ဟု ပြောကြားခဲ့သည်။