နာမည်ကျော် ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ကလက်တန်ဘတ်က လက်ရှိ ပရီးမီးယားလိဂ်ဒိုင်လူကြီးများအနေဖြင့် ငွေကြေးမြောက်မြားစွာရရှိမည့် ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ကိုင်တွယ်မည်ဆိုပါက ဂုဏ်သိက္ခာကြီးမားသည့် ယူရို သို့မဟုတ် ကမ္ဘာ့ ဖလားပြိုင်ပွဲများတွင် ကွင်းလယ်ဒိုင်အဖြစ် ကိုင်တွယ်ခွင့် ဆုံးရှုံးနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။
ဆော်ဒီဘောလုံးလောကမှ တာဝန်ရှိသူများသည် ၎င်းတို့၏ လိဂ်ပြိုင်ပွဲကို ကမ္ဘာ့အဆင့် ထိပ်တန်းလိဂ်ပြိုင်ပွဲတစ်ခု ဖြစ်လာစေရန်အတွက် အစိုးရ၏ထောက်ပံ့မှုဖြင့် ထိပ်တန်းကစားသမားများနှင့် နာမည်ကျော်နည်းပြများကို ခေါ်ယူခဲ့သည်။ ယခုအခါ အဆိုပါ ထိပ်တန်းကစားသမားများ၊ နည်းပြများကို ခေါ်ယူနေသည့်နည်းတူ ၎င်းတို့၏ အဆင့်အတန်းနှင့်လိုက်လျောညီထွေဖြစ်စေမည့် ဒိုင်လူကြီးများကိုလည်း ခေါ်ယူရန် စီစဉ်လာခြင်း ဖြစ်သည်။
ဆော်ဒီပရိုလိဂ်သည် နာမည်ကြီး ကစားသမားများနှင့် နည်းပြများကို မြောက်မြားလှသည့် လစာမက်လုံးများဖြင့် ခေါ်ယူခဲ့သကဲ့သို့ ဥရောပမှ နာမည်ကျော်ဒိုင်လူကြီးများကိုလည်း မြင့်မားသည့်လစာနှုန်းထားဖြင့် ကမ်းလှမ်းမှုများပြုလုပ်သွားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ ဆော်ဒီပရိုလိဂ်အနေဖြင့် လက်ရှိတွင် နိုင်ငံတကာမှ ထိပ်တန်းဒိုင်လူကြီးများကို တစ်ပွဲချင်းအခကြေးငွေပေးချေသည့်ပုံစံဖြင့် အသုံးပြုမှုရှိနေသော်လည်း လာမည့်ရာသီမှစကာ ပုံသေအသုံးပြုမည့် ဒိုင်လူကြီးများကို ခန့်အပ်သွားရန် ရည်ရွယ် နေကြောင်း သိရသည်။
ဆော်ဒီပရိုလိဂ်အနေဖြင့် ဥရောပမှ နာမည်ကျော်ဒိုင်လူကြီးများကို ခေါ်ယူရာတွင် ပရီးမီးယားလိဂ်မှ ဒိုင်လူကြီးများကို ဦးစားပေးခေါ်ယူသွားမည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။ ၂၀၁၇-၁၈ ရာသီတွင် ဆော်ဒီ ဒိုင်လူကြီးအဖွဲ့၏ ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ဖူူးသည့် ပရီးမီးယားလိဂ်နာမည်ကျော် ဒိုင်လူကြီးဟောင်း ကလက်တန်ဘတ်က ပရီးမီးယားလိဂ်ဒိုင်လူကြီးများအနေဖြင့် ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ကိုင်တွယ်မည်ဆိုပါ က ကမ္ဘာ့ဖလား၊ ယူရိုနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ များတွင် ကိုင်တွယ်ခွင့်ဆုံးရှုံးနိုင်ကြောင်း သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
ကလက်တန်ဘတ်က "ဥရောပကနေ ဆော်ဒီပရိုလိဂ်ကို အပြီးသတ်ပြောင်းရွှေ့ပြီး ဒိုင်လူကြီးအဖြစ် ဆောင်ရွက်မယ်ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ယူရိုပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ကွင်းလယ်ဒိုင်အဖြစ် ဆောင်ရွက်ခွင့် ဆုံးရှုံးနိုင်ပါတယ်။ ဥရောပက ဒိုင်လူကြီးတွေအနေနဲ့ အဲဒီလိုဂုဏ်သိက္ခာမြင့်မားတဲ့ ပြိုင်ပွဲတွေမှာ ကိုင်တွယ်ခွင့် ဆုံးရှုံးချင်ကြမယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော် ဆော်ဒီကိုသွားတုန်း က ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေမှာ ကိုင်တွယ်ခွင့်ရဦးမယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) တို့က ကျွန်တော်ကို ဆော်ဒီလိဂ်က ဒိုင်လူကြီးအဖြစ်ပဲ သတ်မှတ်ခဲ့တာပါ" ဟု ပြောကြားခဲ့သည်။
ထို့ပြင် ကလက်တန်ဘတ်က ၎င်းအနေဖြင့် ဆော်ဒီဒိုင်လူကြီးအဖွဲ့တွင် ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့စဉ်က ဆော်ဒီပရိုလိဂ်တွင် ကိုင်တွယ်နေသည့် ဒိုင်လူကြီးများမှာ အဆင့်အတန်းများစွာနိမ့်ကျကြောင်းလည်း ပြောကြားခဲ့သည်။ "ကျွန်တော် ဆော်ဒီဒိုင်လူ ကြီးအဖွဲ့မှာ အလုပ်လုပ်တုန်းက လုပ်စရာတွေ အများကြီးပါပဲ။ အဲဒီတုန်းက ဆော်ဒီပရိုလိဂ်မှာ ကိုင်တွယ်နေကြတဲ့ ဒိုင်လူကြီးတွေဟာ ကြံ့ခိုင်မှုပြဿနာရှိသလို ကောင်းစွာလေ့ကျင့်ထားခြင်းလည်း မရှိပါဘူး။ ပိုပြီးစိတ်ပျက်ရတာက သူတို့ဟာ ဒိုင်လူကြီးတစ်ဦးရဲ့ အခြေခံကျင့်ဝတ်နဲ့ ဘောလုံးပွဲတွေရဲ့ ဥပဒေတွေကို ကောင်းကောင်းမသိတာပါပဲ"ဟု ကလက်တန်ဘက်က ပြောကြားခဲ့သည်။
ဆော်ဒီပရို လိဂ်သည် ပရီးမီးယားလိဂ်ဒိုင်လူကြီးများကို တစ်နှစ်လစာ ပေါင် ၁၂၀၀၀၀ မှ ပေါင် ၃၀၀၀၀၀ အထိ ပေးချေကာ ခေါ်ယူရန်စီစဉ်နေပြီး ယင်းမှာ ပရီးမီးယားလိဂ်တွင် ရနေသည့်လစာထက် အဆမတန်များပြားကြောင်း သိရှိရသည်။