MNDAA အဖွဲ့ဝင် ၂၈ ဦး လက်နက်မျိုးစုံ ၁၂ လက်ဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာ

MNDAA အဖွဲ့ဝင် ၂၈ ဦး လက်နက်မျိုးစုံ ၁၂ လက်ဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာ
Published 29 September 2023

လက်နက်မျိုးစုံ ၁၂ လက်နှင့် ခဲယမ်းများဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် MNDAA အဖွဲ့ဝင် ၂၈ ဦးအား ကြိုဆိုလက်ခံခြင်းအခမ်းအနားကို စက်တင်ဘာ ၂၉ ရက်က လောက်ကိုင်မြို့ရှိ နယ်မြေခံတပ်နယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

နစကအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကို ကြိုဆိုလက်ခံလျက်ရှိပြီး MNDAA အဖွဲ့ဝင် ၂၈ဦး သည် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်လိုခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအခမ်းအနားတွင် ဦးစွာတာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း၊ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် MNDAA အဖွဲ့ဝင် အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီးရှစ်ဦးတို့သည် ၎င်းတို့နှင့်အတူပါလာသော သေနတ် ၁၂ လက်၊ ကျည်အိမ်မျိုးစုံ၁၂ ခု၊ ခဲယမ်းမျိုးစုံ ၂၁၇ တောင့်နှင့် လက်ပစ်ဗုံးငါးလုံးတို့အား တာဝန်ရှိသူများထံ အပ်နှံခဲ့ကြောင်းသိရသည်။

ထို့နောက် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများကို ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြရာ အလင်းဝင်ရောက်လာသူတစ်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်မှုအရသိရသည်။

Most Read

Most Recent