လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ယူရိုပါလိဂ်ပြိုင်ပွဲမှာ လူအများမျှော်လင့်နေကြသလို မိမိတို့အတွက် လွယ်ကူသည့်ပြိုင်ပွဲမဟုတ်ကြောင်း အသင်းကစားသမားများကို သတိပေးပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ၂၀၂၃-၂၄ ရာသီ ယူရိုပါလိဂ်အုပ်စု (E) တွင် တူးလူး၊ ဆန်လွိုက်ဆီ၊ LASK အသင်းတို့နှင့်အတူ ကျရောက်လျက်ရှိသည်။ လီဗာပူးလ်အသင်းသည် ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၂၁ ရက်တွင် သြစတြီးယားကလပ် LASK အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည်။ အဆိုပါပွဲစဉ်၌ လီဗာပူးလ်အသင်းသည် ပထမပိုင်းအပြီးတွင် LASK အသင်းကို (၀-၁) ဂိုးဖြင့် ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်းသွင်းဂိုးများကြောင့် (၃-၁) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
LASK အသင်းနှင့်ပွဲတွင် လီဗာပူးလ်အတွက် ဂိုးများကို ဒါဝင်နူးနက်ဇ် (၅၆ မိနစ်၊ Pen)၊ ဒီယက်ဇ် (၆၃ မိနစ်) နှင့် ဆာလာ (၈၈ မိနစ်) တို့က သွင်းယူခဲ့ကြသည်။ LASK အသင်းအား အနိုင်ရသည့်ပွဲမှာ လီဗာပူးလ်အတွက် နည်းပြ ကလော့ပ်၏ ဥရောပနိုင်ပွဲ ၅၀ ပြည့်မြောက်သည့်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၎င်းတို့အသင်းအတွက် လွယ်ကူသည့်ပြိုင်ပွဲမဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကလော့ပ်က "ယူရိုပါလိဂ်ပြိုင်ပွဲက ကျွန်တော်တို့အတွက် လွယ်ကူတဲ့ ပြိုင်ပွဲတစ်ခုဖြစ်လိမ့်မယ်လို့ လူတွေ မျှော်လင့်နေကြတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ ဒီပြိုင်ပွဲမှာ ရလဒ်ကောင်းတွေရရှိဖို့ အစွမ်းကုန်ကြိုးစားရမှာဖြစ်ပြီး ဒီပွဲမှာ ကျွန်တော်တို့ လုပ်လည်းလုပ်ခဲ့ကြပါတယ်။ LASK အသင်းနဲ့ ကစားခဲ့တဲ့ပွဲကနေ ကျွန်တော်တို့ များစွာသင်ယူနိုင်မှာပါ"ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် LASK အသင်းနှင့်ပွဲတွင် ပထမပိုင်းတွင် ဦးဆောင်ဂုုိးပေးခဲ့ရပြီး ရှုံးနိမ့်နေသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ကလော့ပ်ကမူ ပထမပိုင်းတွင် အသင်း၏စွမ်းဆောင်ရည်မှာ ကောင်းမွန်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
ကလော့ပ်က "ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းခဲ့တဲ့အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်အသင်းရဲ့ ဖိအားပေးမှုကို ခံခဲ့ရတာတွေလည်းရှိပြီး အဲဒီအတွက် ဒေါသထွက်ရပါတယ်။ ကောင်လေးတွေ (အသင်းကစားသမားတွေ) အနေနဲ့ ပထမပိုင်းစွမ်းဆောင်မှုဟာ အရမ်းကို ဆိုးရွားခဲ့တယ်လို့ ထင်မှတ်ကြပါလိမ့်မယ်။ ဒါပေမဲ့ ဒါက မမှန်ပါဘူး။ ကျွန်တော့်အနေနဲ့ အသင်းရဲ့ ပထမပိုင်းစွမ်းဆောင်ရည်ကို နှစ်သက်ပါတယ်။ ပြီးတော့ LASK အသင်းနဲ့ ကစားရတာ ခက်ခဲမယ်ဆိုတာကိုလည်း ကျွန်တော် သိခဲ့ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့အနေနဲ့ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာပါ"ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် LASK အသင်းအား အနိုင်ရပြီးနောက် ယခုရာသီတွင် ဦးဆောင်ဂိုးပေးရပြီးနောက် အနိုင်ရခြင်းမှာ လေးပွဲမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ TNT Sports တွင် LASK - လီဗာပူးလ်ပွဲကို ရုပ်သံဘောလုံးဝေဖန်သူ အဖြစ် ဆောင်ရွက်ခဲ့သည့် လီဗာပူးလ်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ယခုရာသီတွင် လီဗာပူးလ်အသင်း ဦးဆောင်ဂိုးများ ပေးနေရခြင်းအတွက် ကလော့ပ်အနေဖြင့် စိတ်ပူနေလိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။
မိုက်ကယ်အိုဝင်က "လီဗာပူးလ်အသင်း ဦးဆောင်ဂိုးတွေ ပေးနေခြင်းနဲ့ပတ်သက်လို့ ကလော့ပ် စိုးရိမ်နေမယ်လို့ ထင်ပါတယ်။ လီဗာပူးလ်အနေနဲ့ ဘာကြောင့် အခုလို ဦး ဆောင်ဂိုးတွေပေးနေရတာလဲဆိုပြီး သူ့အနေနဲ့ အဖြေရှာနေမယ်လို့ ထင်ပါတယ်။ ဒါက တိုက်ခိုက်မှုလား ဒါမှမဟုတ် အခုလိုဆက်တိုက် ဦးဆောင်ဂိုးတွေ ပေးနေရတာ စိတ်ပိုင်းဆိုင်ရာကြောင့်လား။ အခု ရလဒ်ကို ကလော့ပ်အနေနဲ့ ကျေနပ်နေမှာဖြစ်ပေမဲ့ ဦးဆောင်ဂိုးတွေ ပေးရတာကိုတော့ စိုးရိမ်နေပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။