ဇလွန်မြို့ ဖောင်တော်ချိတ် စေတီအနီး ဧရာဝတီမြစ်အတွင်း ကလေးလေးဦး ရေနစ်သေဆုံးခဲ့မှု စက်တင်ဘာ ၈ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ကလေးတွေ ရေဆင်းချိုးကြရင်း ရေနစ်တာလို့သိရတယ်။ ရှာဖွေကယ်ဆယ်ရေးအတွက် ချက်ချင်း ကျွန်တော်တို့သွားရောက်ကူညီခဲ့ပါတယ်။ မနက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ မိန်းကလေး တစ်ယောက်ရဲ့ အလောင်းကို ရှာတွေ့ခဲ့ပါတယ်။ မွန်းလွဲ ၂ နာရီ ၅၀ ဝန်းကျင်မှာ ယောကျ်ားလေးတစ်ယောက်အလောင်း ရှာတွေ့ခဲ့ပါတယ်။ ကျန်တဲ့ ယောကျ်ားလေး နှစ်ယောက်အလောင်းကိုတော့ ညနေစောင်းတဲ့အထိ ရှာတာမတွေ့ခဲ့ပါဘူး။ ရေနစ်ပျောက်ဆုံးတဲ့ ကလေးတွေက အသက်(၁၃)နှစ်၊ (၁၀)နှစ်၊ (၇)နှစ်နဲ့ (၅)နှစ်အရွယ်တွေလို့ သိရပါတယ်။ အသက်(၇)နှစ်နဲ့ (၅)နှစ် ကလေး(၂)ဦးအလောင်းကိုတော့ ဒီနေ့ မနက်ပိုင်းမှာ ရှာတွေ့ပြီလို့ သိရပါတယ်။ တွေ့ရှိရုပ်အလောင်းတွေကိုတော့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းက ဇလွန်ဆေးရုံရင်ခွဲရုံဆီ ပို့ဆောင်ပေးပါတယ်။ အခင်းဖြစ်နေရာကို မြို့နယ်က ဌာနဆိုင်ရာတာဝန်ရှိသူတွေလည်း လာရောက်တာတွေ့ရပါတယ်" ဟု ဇလွန်မြို့၊ အနှိုင်းမဲ့အလင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုကျော်စွာက ဖြေကြားသည်။
ဒေသခံများနှင့်အတူ မြို့နယ်မီးသတ်နှင့် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၊ အနှိုင်းမဲ့အလင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ သစ္စာရှင်လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။















