နစကဥက္ကဋ္ဌထံ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးက ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး

နစကဥက္ကဋ္ဌထံ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးက ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး
Published 7 September 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး ဒေါက်တာမိုဟာမက်မွန်(န)၀ါဟူစိန်သည် စက်တင်ဘာ ၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးပွဲတွင် နစကဥက္ကဋ္ဌနှင့် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးတို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊ အပြန်အလှန်ကုန်           သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသ၌ တရားမဝင်ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများမရှိစေရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ကာကွယ်ရေးကဏ္ဍဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်နေမှုများနှင့် စပ်လျဉ်းပြီး  ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ ရှ်နိုင်ငံသံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး သံအမတ်ခန့် အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာ ၅ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် ဒေါက်တာမိုဟာ မက်မွန်(န)၀ါဟူစိန်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပေါင်းစည်းချိတ်ဆက်မှုအပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းကို စတင်အကောင်အထည်ဖော်နိုင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent