နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံ့တာဝန်များကို ဆောင်ရွက်ရမည့်အတွက် ခိုင်မာအားကောင်းရန် လိုအပ်ကြောင်း UEC ဥက္ကဋ္ဌ ပြောကြား

နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံ့တာဝန်များကို ဆောင်ရွက်ရမည့်အတွက် ခိုင်မာအားကောင်းရန် လိုအပ်ကြောင်း UEC ဥက္ကဋ္ဌ ပြောကြား
Published 6 September 2023

နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံ့တာဝန်များကို ဆောင်ရွက်ရမည့်အတွက် ခိုင်မာအားကောင်းရန် လိုအပ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးက တိုက်တွန်းပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအား တွေ့ဆုံ၍ အီလက် ထရွန်နစ်မဲပေးခြင်းစနစ် ရှင်းလင်းတင်ပြခြင်းအခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနား အဖွင့်အမှာစကား ပြောကြားရာ၌ UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“နိုင်ငံရေးပါတီများဟာ နိုင်ငံတော်တာဝန်တွေကို ဦးဆောင် ဆောင်ရွက်ရမှာဖြစ်လို့ ခိုင်မာအားကောင်းတဲ့ အဖွဲ့အစည်းများဖြစ်ဖို့ လိုအပ်ပါတယ်” ဟု UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် အကောင်အထည်ဖော်ရာတွင် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများ ပေါ်ထွက်လာရေးအတွက် ယခင်ကျင်းပခဲ့သော ရွေးကောက်ပွဲများမှ နိုင်ငံရေးပါတီအသီးသီး၏ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှု၊ ကိုယ်စားလှယ်များ ရွေးချယ်ခံရမှုနှင့် လွှတ်တော်တွင်း ပါဝင်ဆောင်ရွက်နိုင်မှုတို့ကို လေ့လာသုံးသပ်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေတို့ကို အသစ်ထုတ်ပြန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း UEC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၁၀) တွင် ပါတီဝင်များ စည်းရုံးရာ၌ ကိုက်ညီရမည့် အရည်အချင်း (၁၀) ချက် ပြဋ္ဌာန်းထားရာ ပုဒ်မခွဲ (စျ) တွင် အခြားနိုင်ငံရေးပါတီတစ်ခုခု၏ ပါတီဝင်မဟုတ်ခြင်းဟူသော အချက်ပါရှိကြောင်း၊ ထို့ပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂(က) တွင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိစေရဟူသော အချက် ၁၀ ချက် ပြဋ္ဌာန်းထားကြောင်းလည်း UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။

“အဲဒီ ပုဒ်မခွဲငယ် ၈ မှာ ပုဒ်မ ၁၀ ပါ အချက်တစ်ချက်ချက်နဲ့ ကိုက်ညီခြင်းမရှိသူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုဘဲနဲ့ တမင်ထိန်ချန်ထားခြင်းလို့ ပါပြီးတော့ ပုဒ်မ ၁၂ (ခ) မှာတော့ ကော်မရှင်ဟာ ပုဒ်မခွဲ (က) ပါ အချက်တစ်ချက်ချက်နဲ့ ငြိစွန်းတဲ့ ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ပြီးတော့ ယင်းပါတီကို ဖျက်သိမ်းရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် နိုိင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြဖို့ နိုင်ငံရေးပါတီများအားလုံး ကို အလေးအနက် မှာကြားလိုပါတယ်” ဟု UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။

နိုင်ငံရေးပါတီများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ သတ်မှတ်ချက်များနှင့်အညီ ပါတီဝင်အင်အား စုဆောင်းခြင်း၊ သက်ဆိုင်ရာဌာနများသို့ ပေးပို့တင်ပြခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး ပါတီဝင်အင်အားစာရင်းနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများအရ သတ်မှတ်အင်အား ပြည့်မီသော ပါတီဝင်အင်အား စာရင်းများကို သက်ဆိုင်ရာမြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံများသို့ သတ်မှတ်ချက်နှင့်အညီ ပေးပို့ရမည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌက ပြောကြားသည်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီများက ပေးပို့လာတဲ့ ပါတီဝင်အင်အားစာရင်းများကို MMPPS ဆော့ဖ်ဝဲလ်နဲ့ စစ်ဆေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနသို့ ပေးပို့၍ အချက်အလက်များ မှန်ကန်မှုရှိ မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က မြေပြင်နဲ့ ကိုက်ညီမှုရှိ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်နေတာဖြစ်လို့ စနစ်တကျ စိစစ်ပေးပို့ရန် လိုအပ်ကြောင်း ပြောကြားလိုပါတယ်” ဟု UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။

အသစ်ပြဋ္ဌာန်းထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခွင့်လျှောက်ထားသည့်ပါတီ ၅၀ ပါတီ၊ ပါတီအသစ် တည်ထောင်ခွင့်ပြုရန် လျှောက်ထားသည့်ပါတီ ၁၄ ပါတီရှိပြီး ၎င်းတို့အနက် ဥပဒေနှင့်အညီ စိစစ်ခွင့်ပြုထားသည့်ပါတီ ၃၆ ပါတီရှိကြောင်း UEC က ထုတ်ပြန်ထားသည်။

အဆိုပါ ၃၆ ပါတီအနက် ပြည်ထောင်စုတစ်ဝန်းလုံး မဲဆွယ်စည်းရုံးမည့်ပါတီ ခုနစ်ပါတီရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုအတွင်း မဲဆွယ်စည်းရုံးမည့်ပါတီ ၂၉ ပါတီရှိကြောင်း UEC က ဆိုသည်။

Most Read

Most Recent