အာဆီယံထိပ်သီးအစည်းအဝေးတွင် တူညီဆန္ဒငါးချက် အကောင်အထည်ဖော်ခြင်းအပေါ် ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များအား မြန်မာနိုင်ငံက ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

အာဆီယံထိပ်သီးအစည်းအဝေးတွင် တူညီဆန္ဒငါးချက် အကောင်အထည်ဖော်ခြင်းအပေါ် ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များအား မြန်မာနိုင်ငံက ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 6 September 2023

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် စက်တင်ဘာ ၅ ရက်က ကျင်းပခဲ့သည့် (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် တူညီဆန္ဒငါးချက် အကောင်အထည်ဖော်ခြင်းအပေါ် အာဆီယံ‌ခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များအား မြန်မာနိုင်ငံက ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အာဆီယံပဋိညာဉ်စာတမ်းအပိုဒ် (၅) ပါ “အခွင့်အရေးနှင့် တာဝန်ဝတ္တရား” မူနှင့် သွေဖယ်လျက် မြန်မာနိုင်ငံ၏ အခွင့်အရေးဖြစ်သည့် တန်းတူရည်တူကိုယ်စားပြုမှုအား ငြင်းပယ်ခဲ့သဖြင့် (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံက တက်ရောက်ခြင်း မပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်ချက် (မူကြမ်း) အား မြန်မာနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း မြန်မာနိုင်ငံ၏ အမြင်နှင့် ရပ်တည်ချက်တို့ကို ထည့်သွင်းမဖော်ပြဘဲ လျစ်လျူရှူခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အပြုသဘောမဆောင်သည့် သုံးသပ်ချက်များနှင့် တစ်ဖက်သတ်ဆန်ပြီး မျှတမှုမရှိသည့် ဆုံးဖြတ်ချက်များပါရှိသည့် တူညီဆန္ဒငါးချက် အကောင်အထည်ဖော်မှုဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

​အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အခြေခံမူများကို တိကျစွာလေးစားလိုက်နာလျက် အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ထပ်လောင်းအသိပေးအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖောြ်ပထားသည်။

Most Read

Most Recent