ဒိုးနက်အရှေ့ပိုင်းဒေသရှိ ရှေ့တန်းစစ်မျက်နှာကို သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီး သွားရောက်၊ ရုရှားဒရုန်းများ နေတိုးအဖွဲ့ဝင်နိုင်ငံ ရိုမေးနီးယား၏ပိုင်နက်ထဲ ကျဆင်းခဲ့သည်ဟု ယူကရိန်းပြောကြား

ဒိုးနက်အရှေ့ပိုင်းဒေသရှိ ရှေ့တန်းစစ်မျက်နှာကို သမ္မတ ဗိုလိုဒီမာဇယ်လန်းစကီး သွားရောက်၊ ရုရှားဒရုန်းများ နေတိုးအဖွဲ့ဝင်နိုင်ငံ ရိုမေးနီးယား၏ပိုင်နက်ထဲ ကျဆင်းခဲ့သည်ဟု ယူကရိန်းပြောကြား
ဒိုးနက်ရှေ့တန်းစစ်မျက်နှာရှိ ကွပ်ကဲရေးစခန်းကို ယူကရိန်းသမ္မတသွားရောက်ပုံကို စက်တင်ဘာ ၄ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ဒိုးနက်ရှေ့တန်းစစ်မျက်နှာရှိ ကွပ်ကဲရေးစခန်းကို ယူကရိန်းသမ္မတသွားရောက်ပုံကို စက်တင်ဘာ ၄ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 5 September 2023

ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ၎င်းသည် ယူကရိန်း၏ ဒိုးနက်အရှေ့ ပိုင်းရှေ့တန်းစစ်မျက်နှာကိုသွားခဲ့သည်ဟု စက်တင်ဘာ ၄ ရက်တွင် ထုတ်ဖော်ပြောကြားသည်။

၎င်းက ဒိုးနက်ဒေသတွင် တပ်မှူးများ၊ စစ်သားများနှင့် တွေ့ဆုံနေပုံကို လူမှုမီဒီယာတွင် ကိုယ်တိုင်တင်ထားခဲ့သည်။ ဒိုးနက်ဒေသထဲက၎င်းင်းသွားခဲ့သောတည်နေရာကို ဖော်ပြခြင်းမရှိပေ။ ယူကရိန်းအရှေ့ပိုင်းဒေသဖြစ်သော ဒိုးနက်သည် လွန်ခဲ့သောနှစ်တွင် ရုရှားစတင်ကျူးကျော်ကတည်းက ပြင်းထန်သည့် တိုက်ပွဲအချို့ဖြစ်ပွားရာဒေသလည်း ဖြစ်သည်။

“ဒိုးနက်ဒေသဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒိုးနက်စစ်ဆင်ရေးနဲ့နည်းဗျူဟာ အုပ်စုရဲ့အစိတ်အပိုင်းအဖြစ် ယူကရိန်းကို အကာအကွယ်ပေးနေတဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေဆီကို လာတာဖြစ်ပါတယ်”ဟု ဇယ် လန်းစကီးက တယ်လီဂရမ်တွင် ပို့စ်တင်ခဲ့သည်။ ပို့စ်တင်ထားသောဗီဒီယိုတွင် ၎င်းနှင့် စစ်သားများတွေ့ဆုံနေပုံကို တွေ့ရသည်။

စစ်ပွဲသည် ရုရှားကို ရောက်လာပြီဟု ဇူလိုင်လထဲတွင် ဇယ်လန်းစကီးက ပြောကြားခဲ့ပြီးနောက် ရုရှားမြို့တော်မော်စကိုသည် ဒရုန်းတိုက်ခိုက်မှုများ မကြာခဏခံခဲ့ရသည်။

စက်တင်ဘာ ၅ ရက် စောစောပိုင်းတွင် ရုရှားလေကြောင်းကာကွယ်ရေးက မော်စကို မြို့ထံပျံလာသော ဒရုန်းသုံးစင်းကို ဖျက်ဆီးခဲ့သည်ဟု မော်စကိုမြို့တော်ဝန်က ပြောကြားသည်။

“မော်စကိုမြို့ကို တိုက်ခိုက်ဖို့ကြိုးစားတဲ့ ဒရုန်းတွေကို လေကြောင်းကာကွယ်ရေးက ဖျက်ဆီးခဲ့ပါတယ်”ဟု မော်စကိုမြို့တော်ဝန် ဆာဂျီဆိုဗျာနင်က ပြောကြားသည်။

ညပိုင်းတွင် ယူကရိန်းဆိပ်ကမ်း အစ္စမေးလ် တိုက်ခိုက်ခံရချိန်အတွင်း အီရန်လုပ်ရုရှားဒရုန်းများသည် ရိုမေးနီးယားပိုင်နက် အတွင်းကျဆင်းပေါက်ကွဲခဲ့သည်ဟု စက်တင်ဘာ ၄ ရက်တွင် ယူကရိန်းက ပြောကြားသည်။

သို့ရာတွင် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သောရိုမေးနီးယားက ယူကရိန်း၏ပြောကြားမှုများကို ပယ်ချခဲ့သည်။

“ယူကရိနး် နယ်ခြားစောင့်တပ်ရဲ့ပြောဆိုချက်အရ ရုရှားရဲ့ရှာဟက်ဒရုန်းတွေဟာ ညပိုင်းမှာ ရိုမေးနီးယားပိုင်နက်မှာ ကျဆင်းခဲ့ပြီး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်”ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုလက်နီကိုလင်ကိုက လူမှုမီဒီယာတွင် ပြောကြားသည်။

အစ္စမေးလ်ဆိပ်ကမ်းအနီးရုရှား အကြီးစားတိုက်ခိုက်မှုအတွင်း ယင်းဖြစ်ရပ်ဖြစ်ပွားခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ အစ္စမေးလ်ဆိပ်ကမ်းသည် ရိုမေးနီးယားကို ဖြတ်သန်းသွားသော ဒင်းညုမြစ်ကမ်းပေါ်တွင် တည်ရှိ သည်။

ရေပြင်အနီးတွင် မှောင်မည်းနေသောမီးခိုးလုံးများဖြစ်ပုံရသည့်ပုံကို ပြောရေးဆိုခွင့်ရှိသူက မျှဝေထားသည်။ ပုံသည် မှန်ကန်ကြောင်း အတည်မပြုနိုင်ဟု အေအက်ဖ်ပီက ဖော်ပြသည်။

တိုက်ခိုက်ချိန်အတွင်း ရိုမေးနီးယားက ၎င်း၏နယ်မြေထဲကို ရုရှားဒရုန်းများ ကျဆင်းလာသည်ဆိုခြင်းကို ပြတ်ပြတ်သားသား ငြင်းဆန်ထားသည်။

ရုရှားအသုံးပြုသော တိုက်ခိုက်ရေးလက်နက်များသည် ရိုမေးနီးယားပိုင်နက် သို့မဟုတ် ရေပိုင်နက်ကို စစ်ရေးတိုက်ရိုက် ခြိမ်းခြောက်မှုမရှိဟု ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။       

Ref: AFP

Most Read

Most Recent