ကရင်ပြည်နယ် မြဝတီမြို့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ စက်တင်ဘာ ၃ ရက် ည ၆ နာရီခွဲခန့်က နယ်မြေလုံခြုံရေးအစည်းဝေးဆောင်ရွက်နေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ခရိုင်စီမံအုပ်ချုပ်ရေးမှူးအပါအဝင် သုံးဦးနေရာတွင်ပင် သေဆုံးခဲ့ကြောင့် သိရသည်။
စက်တင်ဘာ ၃ ရက် ည ၆ နာရီခွဲ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ရှေ့တန်းမှူးတို့ဦးစီးပြီး နယ်မြေလုံခြံရေး အခြေချဆောင်ရွက်နေစဉ် ဒရုန်းဖြင့် Drop bomb နှစ်လုံး ပစ်ချတိုက်ခိုက်ခံရခြင်းကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအစည်းဝေးခန်းမသို့ တစ်လုံးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးအိမ်ဘေး ပစ္စည်းအဟောင်းများထားသော စတိုခန်းအနီးသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယင်းသို့ Drop Bomb နှစ်လုံးဖြင့်တိုက်ခိုက်ခံရခြင်းကြောင့် ထိခိုက်ပျက်စီးမှုများအား ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့ မှု စစ်ဆေးမှုများဆောင်ရွက်နေစဉ် ည ၇ နာရီခွဲ နောက်ထပ် Drop Bomb နှစ်လုံးပစ်ချတိုက်ခိုက်ခံရသဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဆင်ဝင်အောက်သို့ ကျရောက်ပေါက်ကွဲကြောင်း သိရသည်။
ဒုတိယအကြိမ်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးစိုးတင့်၊ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဦးစီးအရာရှိ ထွန်းထွန်းညိမ်း၊ ထွေ/အုပ်မှ အကြီးတန်းစာရေး ဦးပြည့်ဖြိုးအောင်တို့ သုံးဦးမှာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများ ဖြစ်သော တပ်မတော်မှ ယာယီတပ်ရင်းမှူးတစ်ဦး၊ ခရိုင်ရဲ တပ်ဖွဲ့မှူး (မြဝတီ) ဒုရဲမှူးကြီးတစ်ဦးအပါအဝင် ရဲအရာရှိ ခုနစ်ဦး၊ ဒုတပ်ကြပ်သုံးဦး၊ ရဲတပ်သားနှစ်ဦး တို့ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် တပ်မတော်မှ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ကျော်မင်း နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်နေလင်းစိုးတို့သည် ရရှိဒဏ်များဖြင့် ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က မြဝတီမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး Drone ဖြင့် ဗုံးသီးများ ကျဲချတိုက်ခိုက်ခံရပြီး ရုံးအဆောက်အဦအချို့ ပျက်စီးခဲ့လို လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် နိုင်ငံဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် စက်တင်ဘာ ၃ ရက် ည ၇ နာရီခန့်တွင် ကရင်ပြည်နယ် မြဝတီမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား မြို့၏ အနောက်တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာနေရာမှ KNLA နှင့် PDF ပူးပေါင်းအဖွဲ့တို့က Drone နှစ်စီးဖြင့် ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် ရုံးအဆောက်အဦ်အချို့ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း ပါရှိသည်။
အဆိုပါနေရာသို့ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးစဉ် Drone တစ်စီးဖြင့် ဗုံးသီးနှစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခံရသဖြင့် လုံခြုံရေးအဖွဲ့ဝင်အချို့နှင့် နိုင်ငံ့ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခင်ကလည်း မြဝတီမြို့ ချစ်ကြည်ရေးတံတားအနီးတွင် ကားမိုင်းပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။















