မြန်မာနိုင်ငံတွင် လုပ်ကြံသတ်ဖြတ်ခံရသူ ၆၃၀၀ ကျော်ရှိပြီဖြစ်ကြောင်းနှင့် နိုင်ငံ့အရေးကို၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၊ နိုင်ငံ၏အခြေခံမူဝါဒ ရပ်တည်ချက်များနှင့်အညီသာ ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၂၄ ရက်တွင် ထုတ်ပြန်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ သြဂုတ် ၂၃ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တံခါးပိတ်ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ကောင်စီအဖွဲ့ဝင် ၁၃ နိုင်ငံဖြစ်သည့် အယ်လ်ဘေးနီးယား၊ ဘရာဇီးလ်၊ အီကွေဒေါ၊ ပြင်သစ်၊ ဂါဘွန်၊ ဂါနာ၊ ဂျပန်၊ မော်လ်တာ၊ မိုဇမ်ဘစ်၊ ဆွစ်ဇာလန်၊ ယူအေအီး၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ ပူးတွဲထုတ်ပြန်ချက်အား ဗြိတိန်နိုင်ငံက ဖတ်ကြားခဲ့ကာ ယင်းထုတ်ပြန်ချက်အပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အထက်ပါအတိုင်းထည့်သွင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတံခါးပိတ်ဆွေးနွေးမှုတွင် မြန်မာနိုင်ငံသို့ သြဂုတ် ၁၅ ရက်မှ သြဂုတ် ၁၇ ရက်အထိ လာရောက်ခဲ့သည့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Under Secretary General Mr.Martin Griffths နှင့် ကုလသမဂ္ဂနိုင်ငံရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာရုံးမှ Assistant Secretary-General Mr.Khaled Khiari တို့ကို ရှင်းလင်းဆွေးနွေးစေခဲ့ကြောင်း သိရပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၃) နိုင်ငံ၏ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဝင်ရောက်စွက်ဖက်ပြီး မှန်ကန်မှုမရှိသော ဖော်ပြချက်များပါရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မြန်မာနိုင်ငံ၌ အကြမ်းဖက်အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူ ၆၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် အများပြည်သူ၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်လုံခြုံရေးဆိုင်ရာအရေးယူမှုများကို အတတ်နိုင်ဆုံးထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်အချို့၏ ထုတ်ပြန်ချက်သည် ယင်းအကြမ်းဖက်မှုများကို မျက်ကွယ်ပြုထားသဖြင့် ဘက်လိုက်မှုရှိကြောင်း ထင်ရှားစွာတွေ့ရှိရကြောင်း နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်အကြိမ် ၂၀ ကျော်ဖြင့် အကျဉ်း သား ၇၆၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်း၊ ယနေ့အထိ နိုင်ငံရေးပါတီ ၃၀ ကျော်ကို ဖွဲ့စည်းမှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအကြိမ်ပေါင်း ၁၁၉ ကြိမ် ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူ ၅၀၀၀၀၀ ကျော်အား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား သဘောတူညီချက်များကို ကိုင်စွဲ၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ရုံးခွဲများဖွင့်လှစ်ခွင့်ပြုထားပြီး ခရီးသွားလာခွင့်များပေးအပ်လျက်ရှိရာ ရန်ကုန်မြို့ရှိ ဗြိတိန်နှင့် ဆွစ်ဇာလန်သံတမန်များအပါအဝင်ဖြစ်ကြောင်း၊ လူသားချင်းစာနာမှုလိုအပ်သူများအရေအတွက်ကို တွက်ချက်ရာတွင် ဖွံ့ဖြိုးရေးအကူအညီလိုအပ်သူများကိုပါ ထည့်သွင်းတွက်ချက်ထားခြင်းဖြင့် ကိန်းဂဏန်းများ အဆမတန်ဖောင်းပွလျက်ရှိပြီး မြေပြင်အနေအထားနှင့်ကိုက်ညီမှုမရှိကြောင်း ဖော်ပြအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထို့အတူ မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် လိုအပ်သောပြည်သူများ အတွက်အကူအညီများရရှိစေရန် UNOCHA အကြီးအကဲ၏ခရီးစဉ်ကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏အခြေအနေသည် ဒေသတွင်းနှင့်နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် သက်ရောက်မှုမရှိဘဲ ပြည်တွင်းရေးသာဖြစ်ကြောင်း၊ လုံခြုံရေးဆုံးဖြတ်ချက်အဆို ၂၆၆၉ တွင် နိုင်ငံရေးသွတ်သွင်းမှုများစွာပါဝင်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးကိစ္စရပ်များသည် အခြားကုလသမဂ္ဂရုံးများ၏ လုပ်ပိုင်ခွင့်များတွင် ပါဝင်ပြီးဖြစ်၍ ယခုလုံခြုံရေးကောင်စီတွင် ဆွေးနွေးခြင်းမှာ ဆီလျော်မှုမရှိကြောင်း တွေ့ရှိရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တု့ံပြန်သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့အရေးဆောင်ရွက်ရာတွင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၊ မြန်မာနိုင်ငံ၏အခြေခံမူဝါဒရပ်တည်ချက်များနှင့် အညီသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်သည်။