အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration - IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ Chief of Mission Mr.Dragon Aleksoski ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၂၃ ရက်က နေပြည်တော်ရှိ ဝန်ကြီးဌာနအစည်း အဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် IOM တို့အကြား MoU ရေးထိုးရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ဝန်ကြီးဌာနနှင့် IOM တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့်ပတ်သက်၍ ကူညီစောင့်ရှောက်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း၏ အကြီးအကဲနှင့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့အတူနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration – IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr.Dragon Aleksoski တို့ သြဂုတ် ၂၂ ရက်က တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ရွှေ့ ပြောင်းသွားလာခြင်းဆိုင်ရာကဏ္ဍ၌ IOM မှ မြန်မာပြည်သူများအတွက် အကူအညီပေးအပ်မှုများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တို့အပေါ် ဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် IOM ဘက်မှ စီမံကိန်းမန်နေဂျာ Mr.Euan McDougall တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းသို့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ၁၄၇ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး IOM နှင့် ရွှေ့ပြောင်းအလုပ် သမားရေးရာစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။