မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့ အခြေစိုက် ရှန်ဟိုင်းလွတ်လပ်သောကုန်သွယ်မှုဇုန် ကျင်ချောင်အုပ်ချုပ်ရေးဗျူရိုမှ ညွှန်ကြားရေး မှူးချုပ် Mr.Lv Dong Sheng ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား မြန်မာကောင်စစ်ဝန်ချုပ်ရုံးဧည့်ခန်းမ၌ သြဂုတ် ၂၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနှင့် တရုတ်(ရှန်ဟိုင်း) ကျင်ချောင်အုပ်ချုပ်ရေးဗျူရိုလုပ်ငန်းစုတို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံတွင် လျှပ်စစ်မော်တော်ယာဉ်(EV) ထုတ်လုပ်ရေးလုပ်ငန်း၊ ဘတ္ထရီလုပ်ငန်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းလုပ်ငန်း၊ အိမ်တွင်းစက်မှုလုပ်ငန်းများ၊ သံ၊ သံမဏိလုပ်ငန်း၊ မြန်မာ့ရာဘာလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် အခြားလုပ်ငန်းကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စနှင့်ပတ်သက်၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းချိတ်ဆက်၍ အကူအညီများ ပေးအပ်နိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချံချင့်မြို့မှ ယာယီတာဝန်ခံ ဒေါ်နီတာမြင့်သည် သြဂုတ် ၂၀ ရက်တွင် ချုံချင့်မြူနီစီပယ်မြို့ South West University ၌ ကျင်းပသည့် လန်ချန်း-မဲခေါင်နိုင်ငံများအကြား နယ်စပ်ဖြတ် ကျော်ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့်အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။