လာမည့်ရွေးကောက်ပွဲများတွင် မဲပေးနိုင်သူများ၏ အခွင့်အရေးနှင့်ပတ်သက်ပြီး အလေးထား ဆောင်ရွက်မည်ဟု နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား

လာမည့်ရွေးကောက်ပွဲများတွင် မဲပေးနိုင်သူများ၏ အခွင့်အရေးနှင့်ပတ်သက်ပြီး အလေးထား ဆောင်ရွက်မည်ဟု နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 23 August 2023

လာမည့်ရွေးကောက်ပွဲများတွင် မဲပေးနိုင်သူများ၏ အခွင့်အရေးနှင့်ပတ်သက်ပြီး အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

သြဂုတ် ၂၂ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ပြီးဆုံးမှသာ ရွေးကောက်ပွဲကျင်းပဖြစ်မည်လားဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖြစ်လာတာပေါ့၊ တပ်မတော် တာဝန်ယူရတာသည် မဲစာရင်း၊ မဲမသမာမှုကြောင့်ဖြစ်တယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ မဲစာရင်းနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ မဲပေးနိုင်တဲ့သူတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ ကျွန်တော်တို့က အလေးထားဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ထုတ်ပြန်ခဲ့သည့် မဲပေးပိုင်ခွင့်ရှိသူများစာရင်းသည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအား မူမတည်ဘဲ ဆောင်ရွက်ခဲ့ခြင်းကြောင့် မဲမသမာမှုများ ဖြစ်ပွားခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဘာလဲဆိုတော့ ဒီမဲပေးပိုင်ခွင့်ရှိသူတွေရဲ့စာရင်းပေါ့၊ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ စာရင်းနဲ့ပတ်သက်ပြီး ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်တဲ့စာရင်းက တစ်မျိုး၊ လူဝင်မှုကြီးကြပ်ရေးကနေ ထုတ်ပြန်တဲ့စာရင်း၊ ပြီးရင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့စာရင်း၊ ဒါတွေနှိုင်းယှဉ်ကြည့်တဲ့အခါမှာ အမှန်ကိုပေါ့၊ အဲ့ဒီတုန်းက ကျွန်တော်တို့ ၂၀၁၄ သန်းခေါင်စာရင်း ရှိတယ်။ ၂၀၁၄ သန်းခေါင်စာရင်းကို မူမတည်ပဲနဲ့ သူတို့ဖောင်းပွနေတဲ့ မဲစာရင်းတွေနဲ့ ဆောင်ရွက်ခဲ့လို့ ဒါမဲစာရင်းတွေ၊ မသမာမှုတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့အနေနဲ့ မဲမသမာမှု မဖြစ်ရအောင်၊ ဒါအဓိက အခြေခံဖြစ်တဲ့ မဲစာရင်း မှားယွင်းမှုမျိုးမရှိရအောင် အဓိကထား ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူမှုသည် ကမ္ဘာ့စံချိန်စံညွှန်းအရကတော့ ၁၀ နှစ်ကို တစ်ကြိမ် ကောက်ယူခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူထားခြင်းကြောင့် ၁၀ နှစ်ပြည့်သည့် ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ခံနိုင်ရန် အရေးကြီးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“၂၀၁၄ သန်းခေါင်စာရင်း မကောက်ခင်တုန်းကဆို ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ခန့်မှန်းထားတာပေါ့၊ တကယ် သန်းခေါင်စာရင်း ကောက်ကြည့်တဲ့အခါမှာ ခန့်မှန်းထားတဲ့ လူဦးရေထက် နည်းနေတယ်ဆိုတာလည်း ကျွန်တော်တို့ တွေ့ရတယ်။ ယခင်တုန်းက ကျွန်တော်တို့ အဲ့ဒီဟာ မကောက်ခင်တုန်းက မွေးဖွားနှုန်းပေါ့၊ မြန်မာနိုင်ငံရဲ့ မွေးဖွားနှုန်းသည် တစ်ရာခိုင်နှုန်းကျော်ကျော် နှစ်ရာခိုင်နှုန်းလောက်အထိ မှန်းခဲ့တာ။ တကယ်သန်းခေါင်စာရင်း ကောက်ကြည့်တော့မှ ဘယ်လောက်ဆိုတာသိရတယ်။ ဥပမာ ၀ ဒသမ ၈ ပေါ့၊ အဲ့ကိန်းဂဏန်းလောက် ၀ ဒသမ ၈၅ ပေါ့၊ အဲ့ကိန်းဂဏန်းလောက် သိရတယ်။ အဲ့ဒီသန်းခေါင်စာရင်း ကောက်ယူမှသာလျှင် အခုနောက်ပိုင်းမှာလည်း ဒီ ၁၀ နှစ်အတွင်းမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ထွက်သွားတဲ့လူတွေ ရှိတယ်၊ အကြောင်းအမျိုးမျိုးကြောင့် ရှိသင့်တဲ့နေရာမှာ မရှိတဲ့လူတွေ ရှိတယ်။ အဲ့တာတွေနဲ့ပတ်သက်ပြီး သန်းခေါင်စာရင်း ကောက်ယူဖို့ လိုပါတယ်။ သန်းခေါင်စာရင်းကို အခြေခံနိုင်မှသာလျှင် တကယ်ကို မြေပြင်မှာ ကောက်ထားတဲ့ စာရင်းကို အခြေခံမှသာလျှင် မဲစာရင်း မှန်ကန်မှုဆိုတာလည်း ရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများကို ကျွန်တော်တို့ အလေးထား ဆောင်ရွက်လျက်ရှိတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။