ဘဏ်စနစ်ပြိုလဲအောင် တိုက်ခိုက်ခံရချိန်တွင် လက်ရှိ ရှိနေသောဘဏ်များအား အကူအညီပေးခဲ့သော်လည်း ယခုအချိန်တွင် အချို့သောဘဏ်များသည် သစ္စာမရှိဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဘဏ်စနစ်ပြိုလဲအောင် တိုက်ခိုက်ခံရချိန်တွင် လက်ရှိ ရှိနေသောဘဏ်များအား အကူအညီပေးခဲ့သော်လည်း ယခုအချိန်တွင် အချို့သောဘဏ်များသည် သစ္စာမရှိဟု နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 22 August 2023

ဘဏ်စနစ်ပြိုလဲအောင် တိုက်ခိုက်ခံရချိန်တွင် လက်ရှိ ရှိနေသောဘဏ်များအား အကူအညီပေးခဲ့သော်လည်း ယခုအချိန်တွင် အချို့သောဘဏ်များသည် သစ္စာမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

သြဂုတ် ၂၂ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပို့ကုန်/သွင်းကုန်ကိစ္စရပ်များတွင် ပို့ကုန်သမားများအား ဖြေလျော့မှုများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“စီးပွားရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ အားလုံးသိပါလိမ့်မယ်။ ပထမဦးဆုံး ၂၀၂၁ လောက်မှာ ကျွန်တော်တို့ ဦးတည်ပြီးရှင်းရတဲ့ လုပ်ငန်းသည် ဘဏ်ကိစ္စ။ မီဒီယာတွေကလည်း အထောက်အထားတွေနဲ့ ပြောကြတာပဲ။ ဘဏ်တွေမှာ စုပြုံပြီး ငွေထုတ်နေတာတွေ၊ ဘဏ်စနစ်ကို သူက ပြိုလဲအောင် ပထမဦးဆုံး တိုက်ခိုက်ခဲ့တယ်။ ဘဏ်စနစ်ပြိုလဲပြီဆိုရင်တော့ တိုင်းပြည်ရဲ့ စီးပွားရေးကလည်း ပြိုလဲပြီပေါ့။ ဒါကြောင့်မလို့ ဦးတည်ပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ဒီဘဏ်စနစ်ကို ပြိုလဲအောင် တိုက်ခိုက်တဲ့အချိန်မှာ နိုင်ငံတော်အကြီးအကဲ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့က ဒီဘဏ်စနစ်ပြိုလဲသွားရင် တိုင်းပြည်စီးပွားရေး ပြိုလဲမှာဖြစ်တဲ့အတွက် ဘဏ်တွေ၊ အခုလက်ရှိ ရှိနေတဲ့ ဘဏ်တွေကို ကျွန်တော်တို့အနေနဲ့ အကူအညီ ပေးခဲ့တယ်။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့က အကူအညီပေးနိုင်သမျှ အကူအညီတွေအားလုံးကို သူတို့ပေးခဲ့တယ်။ ဗဟိုဘဏ်ကနေပြီး ထောက်ပံ့ပြီး ရပ်တည်ခဲ့ရတယ်။ အခုအချိန်မှာ အဲ့ဒီထဲက တစ်ချို့သော ဘဏ်တွေကလည်း သိပ်တော့ သစ္စာတော့မရှိပါဘူး။ သစ္စာတော့ သိပ်မရှိဘူး။ အဲ့ဒီတော့ ခုနကပြောတဲ့ တည်ငြိမ်ရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘဏ်ရယ်၊ UMFCCI ရယ်၊ ကျွန်တော်တို့ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိတယ်။ သူတို့လုပ်ဆောင်ချက်အပေါ်မှာ ကျွန်တော်တို့ ကြည့်ပါမယ်’’ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မိမိတို့နိုင်ငံတွင် စားသုံးဆီ၊ စက်သုံးဆီ လုံလောက်မှုမရှိခြင်းကြောင့် ယင်းနှင့်ပတ်သက်သက်သော သွင်းကုန်သမားများ၊ ဆေးဝါးနှင့်ပတ်သက်၍ တင်သွင်းသည့် သွင်းကုန်သမားများအား အထူးအခွင့်အရေး ပေးထားပြီး အဆိုပါသွင်းကုန်များ ဝယ်ယူရန်အတွက် လိုအပ်သည့် ငွေများကို ပို့ကုန်သမားထံမှ ရရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “သူတို့ ဝယ်ဖို့အတွက် ငွေတွေ ဘယ်ကရလဲဆိုတော့ အဲ့ဒီငွေတွေသည် ယခင်တုန်းကလိုပဲ၊ ယခင်တုန်းက ၁၀၀ ရာခိုင်နှုန်း မြန်မာငွေနဲ့ ပြန်လဲရတယ်။ ပို့ကုန်သမားတွေ၊ ပြီးရင် ၆၅၊ ၃၅ ဖြေလျော့တယ်။ အခုနောက်ဆုံး ၅၀၊ ၅၀ ဖြေလျော့လိုက်တယ်။ အဲ့ထဲက ငွေတွေထဲက အခု ၅၀၊ ၅၀ ဖြေလျော့တဲ့အခါမှာ ၅၀ ရာခိုင်နှုန်းသည် သတ်မှတ်ရည်ညွှန်းစျေး ၂၁၀၀ စျေးနဲ့ သွင်းရတာဖြစ်တယ်။ အစိုးရကို သွင်းတယ်၊ အဲ့ငွေတွေ။ နောက်တစ်ခါ ဒီငွေတွေကို နောက်ထပ် ၅၀ ရာခိုင်နှုန်း ကျန်တဲ့ဟာကို ဒီပို့ကုန်သမားတွေနဲ့ သွင်းကုန်သမားတွေနဲ့ မချိတ်ဆက်နိုင်ဘူးဆိုလို့ရှိရင် ဘဏ်ကိုပြန်သွင်းရတာ ရှိတယ်’’ဟု ပြောကြားသည်။

ပို့ကုန်သမားများလက်ဝယ်တွင် ကျန်ရှိနေသည့် ၅၀ ရာခိုင်နှုန်းအား တစ်ဒေါ်လာလျှင် ကျပ် ၂၉၀၀ ဖြင့် ပြန်လည်ဝယ်ယူ၍ သွင်းကုန်သမားများအား ပြန်လည်ရောင်းချပေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“အဲ့ဒီမှာ ပြန်ဝယ်တဲ့စျေးသည် ၂၉၀၀ စျေးပေါ့၊ ဝယ်တယ်။ အဲ့မှာလည်း ကျွန်တော်တို့ ပြန်ရောင်းပေးတာသည် ၂၉၂၂ ကျပ်နဲ့ပဲ ပြန်ရောင်းပေးတာ။ သို့သော် ခုနက ပြောတဲ့ ပြည်သူလူထုကို နားလည်အောင် ပြောရရင် ဝိသမလောဘဆိုပြီးတော့ ပြောကြတယ်။ ဒုဝန်ကြီးတွေ ဆွေးနွေးတဲ့အခါမှာ အမြဲတမ်းအတွင်းဝန်တွေ ဆွေးနွေးတဲ့အခါမှာ ပြောတယ်။ ပြောတော့ အသံက ဘာထွက်လာတုန်းဆိုတော့ ကျွန်တော်တို့ မပြောရင် ဘာသံထွက်လာမတုန်းဆိုတော့ အစိုးရက သာမာန်ရိုးသားတဲ့ ကုန်သည်တွေကို ဝိသမလောဘသားဟု စွပ်စွဲတယ်ဆိုပြီးတော့ ခေါင်းစဉ် တပ်လာဦးမယ်။ ခင်ဗျားတို့ စဉ်းစားကြည့်၊ အစိုးရက ၂၉၀၀ နဲ့ဝယ်တယ်၊ ၂၉၂၂ ကျပ်နဲ့ ရောင်းပေးတယ်။ ဘဏ်လုပ်ငန်းဆောင်တာ ဆောင်ရွက်တဲ့ဟာပဲ ကွာတယ်။ သို့သော် အပြင်မှာ ဘယ်စျေးနဲ့ သူတို့က ညှိပြီး ရောင်းလဲဆိုတော့ ဒီဟာတွေကို ဘယ်စျေးနဲ့ ညှိပြီးရောင်းနေတုန်းဆိုတော့ တစ်ချို့ဟာတွေကို ညှိပြီးရောင်းနေတဲ့ စျေးတွေသည် အခုလက်ရှိ ပြင်ပမှာဖြစ်နေတဲ့ ဒေါ်လာပေါက်စျေး၊ ၃၅၀၀ ကျော် ပေါက်စျေးနဲ့ပဲ အနည်းဆုံး ညှိပြီးရောင်းနေတာ တွေ့ရတယ်။ အဲ့လိုလူတွေကိုမှ ကျွန်တော်တို့က ဝိသမလောဘသမားလို့ မခေါ်ရင် ကျွန်တော်တို့ ဘယ်ဟာကိုခေါ်မလဲ။ အစိုးရအနေနဲ့ စွပ်စွဲနေတာ မဟုတ်ဘူး။ အထောက်အထားနဲ့ ကျွန်တော်ပြနေခြင်း ဖြစ်တယ်။ ဒါကြောင့်မလို့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ထိုက်သင့်တဲ့ ဆောင်ရွက်မှုမျိုးတွေ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်ရပါလိမ့်မယ်’’ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပို့ကုန်သမားများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ တဖြည်းဖြည်း ဖြေလျော့မှုများ ဆောင်ရွက်ပေးနေသလို ပို့ကုန်များနှင့်ပတ်သက်၍လည်း အားပေးဆောင်ရွက်နေကြောင်း၊ ပြည်သူတစ်ရပ်လုံးနှင့်သက်ဆိုင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်ပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပို့ကုန်တင်ပို့သူများ  ပိုပြီး အကျိုးရှိအောင်ဆောင်ရွက်နိုင်ရေး၊ အားပေးချီးမြှင့်နိုင်ရေးကို စဉ်းစားဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။