
ထိုင်းဘတ် (Thai Baht) အား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်သည့် ငွေကြေးအဖြစ် သတ်မှတ်ခွင့်ပြု လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
သြဂုတ် ၁၄ ရက်က ထိုင်းဘတ်အား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်သည့် ငွေကြေးအဖြစ် သတ်မှတ် ခွင့်ပြုလိုက်ကြောင်း ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှု ပိုမိုလွယ်ကူအဆင်ပြေစေရေးကို ရည်ရွယ်၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (Authorized Dealer - AD)လိုင်စင်ရဘဏ်များတွင် ထိုင်းဘတ်အား နိုင်ငံတကာ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းဘတ်အား နိုင်ငံတကာ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်သည့် ငွေကြေးအဖြစ် ဗဟိုဘဏ်က သတ်မှတ်လိုက်ပြီးနောက် သြဂုတ် ၁၅ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ထိုင်းဘတ် တစ်ဘတ်လျှင် မြန်မာငွေ ကျပ် ၁၀၀ ကျော်အထိ ရှိလာခဲ့ကြောင်း ထိုင်းနိုင်ငံရှိ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
သြဂုတ် ၁၅ ရက် ညနေပိုင်းက နိုင်ငံခြားငွေကြေးစျေးကွက်တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ရောင်းစျေး ၃၆၄၀ ကျပ်၊ ဝယ်စျေး ၃၅၄၀ ကျပ်အထိ ရှိခဲ့ပြီး စင်ကာပူ တစ်ဒေါ်လာလျှင်ရောင်းစျေး ၂၆၇၀ ကျပ်၊ ဝယ်စျေး ၂၅၇၀ ကျပ်၊ မလေးရှားတစ်ရင်းဂစ်လျှင် ရောင်းစျေး ၇၈၅ ကျပ်၊ ဝယ်စျေး ၇၇၀ ကျပ်၊ တရုတ်ယွမ် တစ်ယွမ်လျှင် ရောင်းစျေး ၅၁၀ ကျပ်၊ ဝယ်စျေး ၄၇၅ ကျပ် ပေါက်စျေးရှိခဲ့ကြောင်း သိရသည်။
■ အသေးသုံး နိုင်ငံခြားငွေ ရောင်းချသည့် အစီအစဉ်တွင် ငွေလဲလှယ်နှုန်းကို တစ်ဒေါ်လာလျှင် ကျပ် ၂၅၀၀ မှ ကျပ် ၂၆၀၀ အတွင်းဖြင့် ဒေါ်လာခုနစ်သိန်းကျော် ရောင်းချ
ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများသို့ အသေးသုံး နိုင်ငံခြားငွေ (ငွေသား) ရောင်းချသည့် အစီအစဉ်တွင် နေ့စဉ်စျေးကွက်၏ ပျမ်းမျှ ငွေလဲလှယ်နှုန်းအပေါ်မူတည်၍ ငွေလဲလှယ်နှုန်းကို အမေရိကန် တစ်ဒေါ်လာလျှင် ၂၅၀၀ ကျပ်မှ ၂၆၀၀ ကျပ်အတွင်းဖြင့် ဒေါ်လာခုနစ်သိန်းကျော်ရောင်းချပေးခဲ့ကြောင်း သြဂုတ် ၁၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ထွက်ခွာရာတွင် အသေးသုံးနိုင်ငံခြားငွေ ငွေသားယူဆောင်သွားနိုင်ရေးအတွက် စျေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန် ရည်ရွယ်၍ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများအား AD လိုင်စင်ရဘဏ်များ၏ Money Changer Counter များတွင် တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့် ညီမျှသော နိုင်ငံခြားငွေ ငွေသား) ရောင်းချပေးရန် AD လိုင်စင်ရဘဏ်များသို့ မေ ၂၆ ရက် နေ့စွဲပါစာဖြင့် ညွှန်ကြားခဲ့ကြောင်း သိရသည်။
ဗဟိုဘဏ်၏ ညွှန်ကြားချက်နှင့် အညီ AD လိုင်စင်ရဘဏ်များမှ ဖွင့်လှစ်ထားသည့် Money Changer Counter များတွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန် သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများသို့ အသေးသုံး နိုင်ငံခြားငွေ (ငွေသား)ရောင်းချသည့် အစီအစဉ်အား မေ ၃၁ ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အစီအစဉ်တွင် CB BANK PCL (CB)၊ ကမ္ဘောဇဘဏ်လီမိတက် (KBZ)၊ AYA BANK PCL(AYA)၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးလီမိတက် (A BANK)၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက် (MAB)၊ ရိုးမဘဏ်လီမိတက်(YOMA)၊ ယူအေဘီဘဏ်လီမိတက်(UAB)၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက် (AGD)၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက် (MOB)၊ ကမ္ဘာ့ရတနာဘဏ် လီမိတက် (GTB)၊ ထွန်းကော်မာရှယ်ဘဏ်လီမိတက် (TCB)၊ ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်(Shwe)၊ ပထမ ပုဂ္ဂလိကဘဏ်လီမိတက်(FPB)၊ အင်းဝဘဏ်လီမိတက်(Innwa)၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက် (MCB)တို့မှ ပါဝင်ရောင်းချပေးလျက်ရှိပြီး ဝယ်ယူရရှိနိုင်သည့် ကောင်တာများအား သက်ဆိုင်ရာ ဘဏ်၏ Website နှင့် Facebook များတွင် ကြေညာပေးထားကြောင်း သိရသည်။
ထို့ပြင်အစီအစဉ်စတင်သည့် ၂၀၂၃ ခုနှစ် မေ ၃၁ ရက်မှ သြဂုတ် ၁၀ ရက်အထိ လူဦးရေ ၂၆၀၃ ဦးသို့ အမေရိကန်ဒေါ်လာ ၇၈၉၈၀၆၊ လူဦးရေ ၃၀၁ ဦးသို့ ထိုင်းဘတ် ၂၄၅၄၅၅၀၊ လူဦးရေ ၂၇ ဦးသို့ စင်ကာပူဒေါ်လာ ၉၈၆၁၊ လူဦးရေ ၂၀ ဦးသို့ မလေးရှားရင်းဂစ် ၁၆၇၃၈၊ လူဦးရေငါးဦးသို့ ယူရို ၁၄၅၀ တို့ အား ရောင်းချပေးခဲ့ပြီး ရောင်းချရာတွင် နေ့စဉ်စျေးကွက်၏ ပျမ်းမျှငွေ လဲလှယ်နှုန်းအပေါ်မူတည်၍ ငွေလဲလှယ်နှုန်းကို အမေရိကန်တစ်ဒေါ် လာလျှင် ၂၅၀၀ ကျပ်မှ ၂၆၀၀ ကျပ် အတွင်းဖြင့်လည်းကောင်း၊ ထိုင်းဘတ်တစ်ဘတ်လျှင် ၇၅ ကျပ်မှ ၈၅ ကျပ်အတွင်းဖြင့်လည်းကောင်း ရောင်းချပေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
■ မြဝတီနယ်စပ်မှ ပို့ကုန်သွင်းကုန်လိုင်စင် ရရှိထားပြီး အခြားကုန်သွယ်ရေးစခန်းတို့မှ ပြောင်းလဲခွင့်ပြုထားသည့် ကုန်ပစ္စည်းများတွင် CMP လုပ်ငန်းများပါ အကျုံးဝင်
မြဝတီနယ်စပ်မှ တင်ပို့၊ တင်သွင်းရန် လိုင်စင်ခွင့်ပြုထုတ်ပေးပြီးသော ကုန်ပစ္စည်းများအား ပင်လယ်ရေကြောင်းနှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ အခြားကုန်သွယ်ရေးစခန်းတို့မှ ပြောင်းလဲခွင့်ပြုထားပြီး CMP လုပ်ငန်းများပါ အကျုံးဝင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ အသိပေး ကြေညာထားသည်။
၂၀၂၃ ခုနှစ် သြဂုတ် ၇ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြန်မာ -ထိုင်း ကုန်သွယ်မှုလမ်းကြောင်းရှိ မြဝတီလမ်းပိုင်းအချို့ ပျက်စီးမှုများ ဖြစ်ပေါ်သဖြင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိနေစဉ်အတွင်း ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် မြဝတီနယ်စပ်မှ တင်ပို့တင်သွင်းရန် (သြဂုတ် ၉ ရက်အထိ) လိုင်စင်ရရှိထားသည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များသည် လိုင်စင်ရ ကုန်ပစ္စည်းများအား မြန်မာ-ထိုင်း နယ်စပ်ရှိ မည်သည့်ကုန်သွယ်ရေး စခန်းမှမဆို ပြောင်းလဲတင်ပို့၊ တင်သွင်းခွင့်ပြုသွားမည်ဖြစ်ပြီး၊ ပင်လယ်ရေကြောင်းမှ ပြောင်းလဲတင်ပို့၊ တင်သွင်းလိုပါကလည်း ကိစ္စရပ် တစ်ခုချင်းအလိုက် စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သြဂုတ်လ ၉ ရက်တွင် အသိပေး ကြေညာခဲ့သည်။
ထိုကြေညာချက်အရ ပြောင်းလဲဆောင်ရွက်ခွင့်ပြုခြင်းအတွက် လုပ်ငန်းဆောင်ရွက်မှုများ စနစ်တကျရှိစေရန် သက်ဆိုင်ရာဌာနအနေဖြင့် လုပ်ငန်းစဉ်များ (SOPs) ရေးဆွဲပြီး ဖြစ်ပြီး၊ အဆိုပါလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ခွင့်ပြုမည် ဖြစ်ကြောင်းသိရှိရသည်။
မြဝတီနယ်စပ်မှ တင်ပို့၊ တင်သွင်းရန် လိုင်စင်ခွင့်ပြုထုတ်ပေးပြီးသော ကုန်ပစ္စည်းများအား ပင်လယ်ရေကြောင်းနှင့် မြန်မာ-ထိုင်း နယ်စပ်ရှိ အခြားကုန်သွယ်ရေးစခန်းတို့မှ ပြောင်းလဲခွင့်ပြုသွားမည့်ကိစ္စရပ်တွင် CMP လုပ်ငန်းများအားလုံး အကျုံးဝင်ကြောင်း အသိပေးကြေညာထားသည်။
■ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရှိ ကဏ္ဍများစွာတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများ တိုးချဲ့ရန် အလားအလာများစွာ ရှိနေကြောင်း စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ပြောကြား
တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရှိ ကဏ္ဍများစွာတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများတိုးချဲ့ရန် အလားအလာများစွာရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပသည့် “(၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ”သို့ တက်ရောက်ရန် ကူမင်းမြို့သို့ ရောက်ရှိနေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် သြဂုတ် ၁၇ ရက်တွင် Wyndham ၌ ကျင်းပသည့် (၅) ကြိမ်မြောက် တရုတ်-အရှေ့တောင်အာရှ စီးပွားရေးဖိုရမ်သို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါဖိုရမ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေးကို အာရုံစိုက်ဆောင်ရွက်ရန် အရေးပါသော အချိန်ကာလဖြစ်ကြောင်း၊ ယခုနှစ် ဖိုရမ်၏ အဓိ ကဆောင်ပုဒ်ဖြစ်သော “စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဒေသတွင်း စက်မှုလုပ်ငန်း ကွင်းဆက်ကို အားပေးမြှင့်တင်ရန်”ဆိုသည့်အချက်ကို ထောက်ခံပါကြောင်း၊ ဤဆောင်ပုဒ်သည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသည့် အချက်ကို အထူးပြုနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေးဆိုင်ရာ လုပ်ငန်းစဉ်များကို တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရှိ ကဏ္ဍများစွာတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုများ တိုးချဲ့ရန် အလားအလာ များစွာရှိနေကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့်တည်ငြိမ်ရေးအတွက် မောင်းနှင်အားတစ်ရပ်ဖြစ်သည့် ပုဂ္ဂလိကကဏ္ဍ၏ အရေးပါမှုကိုလည်း အသိအမှတ်ပြုကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်တကွ အရှေ့တောင် အာရှနိုင်ငံများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားသောနယ်ပယ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် အနာဂတ်အလားအလာနှင့် အခွင့်အလမ်းကောင်းများကို ဖော်ထုတ်နိုင်ရန်အတွက် စီးပွားရေးအသိုက်အဝန်းများအကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရန် လိုအပ်ပါကြောင်း၊ ယင်းသို့ ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံအသီးသီး၏ မူဝါဒများနှင့် လိုအပ်ချက်များ၊ ရည်မှန်းချက်များအပေါ်တွင် အလေးထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။