မြန်မာ့ဆေးဝါးလုပ်ငန်း BPI ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်းနှင့် မြွေဆိပ်ဖြေဆေးအအေးခဲခြောက် ထုတ်လုပ်ရေးစက်အသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

မြန်မာ့ဆေးဝါးလုပ်ငန်း BPI ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်းနှင့် မြွေဆိပ်ဖြေဆေးအအေးခဲခြောက် ထုတ်လုပ်ရေးစက်အသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Published 15 August 2023

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း BPI Pharmaceutical Museum (ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်း)နှင့် မြွေဆိပ်ဖြေဆေး အအေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine အသစ်ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်)၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ၎င်းနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရ ုံ (အင်းစိန်)မှ ဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားဆေးဝါးပညာရှင်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဦးစွာနစကဥက္ကဋ္ဌက BPI Pharmaceutical Museum အထိမ်းအမှတ်ကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးပြီးနောက် ၁၉၅၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်တွင် ဝန်ကြီးချုပ်ဟောင်း ဦးနု စိုက်ထူခဲ့သည့် မြန်မာနိုင်ငံဆေးဝါးလုပ်ငန်း အထိမ်းအမှတ်ကျောက်တိုင်ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က BPI ဆေးဝါးထုတ်လုပ်မှုသမိုင်း ပြခန်း (BPI Pharmaceutical Museum) ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ယင်းနောက်နစကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်  Museum ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ခိုင်တို့က BPI ဆေးဝါး ထုတ်လုပ်မှုသမိုင်းပြခန်းတည်ဆောက်ခဲ့မှု၊ မြွေဆိပ်ဖြေဆေးအေးခဲခြောက်စက် တပ်ဆင်ဆောင်ရွက်ခဲ့မှုနှင့် မြန်မာ့ဆေးဝါးလုပ်ငန်း၏ ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းချမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြမှုများအပေါ် နစကဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်းပြီး အမှာစကားပြောကြားမှုများပြုလုပ်ကာ  နစကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်  BPI ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်းအတွင်း လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နစကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာနသို့ရောက်ရှိရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက မြွေဆိပ်ဖြေဆေးထုတ်လုပ်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး မြွေဆိပ်ဖြေဆေး အအေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine အသစ်နှင့်ပတ်သက်၍ စက်၏စွမ်းဆောင်ရည်များ၊ အသုံးပြုပုံများနှင့် ထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာနစကဥက္ကဋ္ဌက ထုတ်လုပ်မှုနည်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် နစကဥက္ကဋ္ဌက မြွေဆိပ်ဖြေ ဆေးအအေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine အသစ်ကို ခလုပ်နှိပ်၍ စတင်လည်ပတ်စေခဲ့ပြီးနောက် နစကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်မာ့ဆေးဝါး စက်ရုံ (အင်းစိန်)မှ ဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားဆေးဝါးပညာရှင်ကြီးများနှင့်အတူ ဝန်ထမ်းစုပေါင်းစားရိပ်သာ၌ နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြောင်း သိရသည်။