နိုင်ငံဖြတ်ကျော်ဂိုဏ်းအဖွဲ့များ၏ ကွန်ရက်ကျယ်ပြန့်မှု၊ မှောင်ခိုစျေးကွက်ချဲ့ထွင်လာမှုများကြောင့် မူးယစ်ဆေးဝါးပြဿနာကို ပိုမိုရှုပ်ထွေးလာစေပြီး မှုခင်းများအား အထောက်အပံ့ဖြစ်စေကာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်မှုအဖြစ် ဆက်လက်ရှိနေကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား

နိုင်ငံဖြတ်ကျော်ဂိုဏ်းအဖွဲ့များ၏ ကွန်ရက်ကျယ်ပြန့်မှု၊ မှောင်ခိုစျေးကွက်ချဲ့ထွင်လာမှုများကြောင့် မူးယစ်ဆေးဝါးပြဿနာကို ပိုမိုရှုပ်ထွေးလာစေပြီး မှုခင်းများအား အထောက်အပံ့ဖြစ်စေကာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်မှုအဖြစ် ဆက်လက်ရှိနေကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား
Published 14 August 2023

နိုင်ငံဖြတ်ကျော် မှုခင်းကျူးလွန်သူဂိုဏ်းအဖွဲ့များ၏ ကွန်ရက်ကျယ်ပြန့်မှု၊ မှောင်ခိုစျေးကွက် ချဲ့ထွင်လာမှုများကြောင့် မူးယစ်ဆေးဝါးပြဿနာကို ပိုမိုရှုပ်ထွေးလာစေပြီး မှုခင်းများအား အထောက်အပံ့ဖြစ်စေကာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်မှုအဖြစ် ဆက်လက်ရှိနေကြောင်း  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။

သြဂုတ် ၁၀ ရက်မှ ၁၁ ရက်အထိ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ကျင်းပသည့် (၈)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးကို ပြည်ထဲရေးဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင်အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူးရုံးတို့မှ ကိုယ်စားလှယ်များတက်ရောက်ပြီး လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး H.E.Pol.Gen Vilay Laknamfong က အဖွင့်အမှာစကားပြောကြား၍ အစည်းအဝေးကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်ခေါင်းဆောင်များက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ကမ္ဘာပေါ်ရှိ နိုင်ငံအများစု၌ လူလုပ်မူးယစ်ဆေးဝါး(Synthetic Drug) ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများသည် အဓိကခြိမ်းခြောက်လျက်ရှိသည့် ပြဿနာဖြစ်ကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်း ကျူးလွန်သူဂိုဏ်းအဖွဲ့များ၏ ကွန်ရက်ကျယ်ပြန့်မှု၊ မှောင်ခိုစျေးကွက်ချဲ့ထွင်လာမှုများကြောင့် မူးယစ်ဆေးဝါးပြဿနာကို ပိုမိုရှုပ် ထွေးလာစေကြောင်း၊ မူးယစ်ဆေးဝါး မှုခင်းများနှင့် ဆက်နွယ်နေသည့် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုစသည့် မှုခင်းများကို အထောက်အပံ့ဖြစ်စေပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေသော စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေမှုတို့ကြောင့် မူးယစ်ဆေးဝါးထုတ်လုပ် သယ်ဆောင်ရောင်းဝယ်မှုများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းအမြောက်အမြားကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း၊ ဘိန်းစိုက်ပျိုးရာဒေသများ၌ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံတစ်နိုင်ငံတည်း ဆောင်ရွက်၍မရနိုင်သဖြင့် နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးကြီးပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံရေးရောယှက်မှုများ ကင်းရှင်းစွာ သတင်းအချက်အလက်ဖလှယ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အဆိုပါအစည်းအဝေး၌ အာဆီယံကိုယ်စားလှယ်ခေါင်းဆောင်များက (၆၇)ကြိမ်မြောက် ကုလသမဂ္ဂမူးယစ်ဆေးဝါးကော်မရှင်(CND)အစည်းအဝေးတွင် ထုတ်ပြန်ကြေညာမည့် အာဆီယံပူးတွဲကြေညာချက်နှင့်ပတ်သက်၍ ဆွေးနွေးမှုများ၊ အာဆီယံ၏ လတ်တလော မူးယစ်ဆေးဝါးအခြေအနေများ၊ (၄၄)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ အစီရင်ခံစာနှင့် နောက်ဆက်တွဲဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဘေးကင်းလုံခြုံသောလူမှုအဖွဲ့ ဖြစ်စေရေး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အာဆီယံလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ခြင်း ဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများတွင် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။                

အဆိုပါခရီးစဉ်တွင် ကြိုတင်ရောက်ရှိ နေသည့် မြန်မာနိုင်ငံ၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၁၀ ရက်တွင် (၈)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး၏ အာဆီယံအဆင့်မြင့်အရာရှိကြီးများ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း သိရသည်။

ယငး်အစည်းအဝေးတွင် ဇူလိုင် ၅ ရက်မှ ၇ ရက်အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် (၄၄)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ ASOD အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ်ဝင်းနိုင်က ယင်းအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ အစီရင်ခံစာနှင့် နောက်ဆက်တွဲဆောင်ရွက်ရမည့် ကိစ္စရပ်များကို အကျဉ်းချုပ် ဆွေးနွေးတင်ပြခဲ့ပြီး သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများမှ (၆၇)ကြိမ်မြောက်မူးယစ်ဆေးဝါးကော်မရှင် (CND)အစည်းအဝေးတွင် ထုတ်ပြန်ကြေညာမည့် အာဆီယံပူးတွဲကြေညာချက် (မူကြမ်း)နှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ (၈)ကြိမ်မြောက်အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးအစီအစဉ်နှင့် သဘာပတိမိန့်ခွန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ အာဆီယံမူးယစ်ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်း အစီရင်ခံစာ ၂၀၂၂ ခုနှစ် ထုတ်ပြန်နိုင်ရေးများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent