ရေကြီးရေလျှံမှုနှင့် သတိပြုသင့်သည့်အချက်များ

ရေကြီးရေလျှံမှုနှင့် သတိပြုသင့်သည့်အချက်များ
Published 11 August 2023

ရေကြီးရေလျှံမှုပြဿနာသည် ယခုနောက်ပိုင်းနှစ်များတွင် မြန်မာနိုင်ငံ၌ နှစ်စဉ်ပုံမှန် ကြုံကြိုက်နေရသော ပြဿနာတစ်ရပ်ဖြစ်လာခဲ့သည်။ လတ်တလောတွင် မွန်ပြည်နယ်အတွင်း အချို့နေရာများ၊ အဓိက ကုန်သွယ်ရေးလမ်းကြောင်းတို့၌ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု အခက်အခဲနှင့်ကြုံတွေ့နေကြရသည်။ ထို့​ပြင် ယခုရက်ပိုင်းအတွင်း ပဲခူးမြို့ရှိ အဓိကလမ်းအချို့ ရေကြီးမှုကလည်း ဒေသခံအပါအဝင် လူအများအပေါ် သက်ရောက်လျက်ရှိနေသည်။ ယင်းသို့ ရေကြီးရေလျှံ မှုပြဿနာမှာ မိုးရာသီကာလ၌နှစ်စဉ်ကဲ့သို့ ကြုံတွေ့နေရလေ့ရှိသော သဘာဝဘေး                        အခက်အခဲတစ်ခုဟု ဆိုရမည်ဖြစ်သော်လည်း ပြည်သူတို့၏ လူမှုဘဝများအပေါ်အနည်းနှင့်အများ သက်ရောက်မှုကြီးစေသည်မှာအမှန်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း ရေကြီးရေလျှံမှုဖြစ်စဉ်များအပေါ် နှစ်စဉ် သတိပြုပြင်ဆင်​ရေးသည်လည်း လိုအပ်ချက်နှင့် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့သည်။

ရေကြီးစဉ်အတွင်း လူများသည် ကုန်းပြင်မြင့်များသို့ ရှောင်တိမ်းသင့်သည်။ ထိုသို့ ဘေးလွတ်ရာသို့ တိမ်းရှောင်ခြင်းကို ဘေးလွတ်ရာရွှေ့ပြောင်းခြင်းဟု ခေါ်သည်။ ရေကြီးစဉ်အတွင်း ဘေးပတ်လည်တွင် ရေများဝိုင်းနေသော်လည်း သောက်သုံးရန် မသင့်ပေ။ အကယ်၍ သောက်သုံးခဲ့ပါလျှင် ဝမ်းလျှောခြင်း၊ ဝမ်းပျက်ခြင်းတို့ ဖြစ်နိုင်သည်။ ရေကြီးခြင်းကိုကာကွယ်ရန် သောက်သုံးရေစုဆောင်းခြင်း၊ သဲအိတ်များ စုဆောင်းခြင်းဖြင့် ကြိုတင်ပြင်ဆင်နိုင်သည်။ မြစ်ချောင်းများမှ ရေကြီးခြင်းကိုကာကွယ်ရန် ကမ်းနဖူးများ ဆောက်လုပ်ခြင်း၊ ရေထိန်းနံရံများ တည်ဆောက်ခြင်းတို့ဖြင့် ကာကွယ်နိုင်သည်။

အရေးကြုံလာလျှင် ရပ်ရွာလူထုအတွက် အဆင်သင့်ဖြစ်နေစေရန် ကြက်ခြေနီ၊ အရန်မီးသတ်စသည့် လူမှုရေးအဖွဲ့များအကူအညီဖြင့် သက်ဆိုင်ရာတို့အနေဖြင့် အောက်ပါတို့ကို ကြိုတင်ပြင်ဆင်ထားရပါမည်။ (၁) ကုန်းမြင့်နေရာများကို ရွေးချယ်ကာ လူအများနေနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားပါ။ (၂) သောက်ရေ၊ ဆန်အိတ်၊ ဆီပုံး၊ ပဲအိတ်၊ ဆား၊ ငါးပိ၊ ငါးခြောက်စသည့် အစားအသောက်၊ အခြောက်အခြမ်းများကို စုဆောင်းကာ ထိုကုန်းမြင့်နေရာများတွင် လေလုံမိုးလုံအမိုးအကာလုပ်ကာ ထားပါ။ (၃) ပြည်သူများကိုလည်း မိုးလေဝသနောက်ဆုံးသတင်းများ အမြဲထုတ်ပြန်ကြေညာပေးပါ။ (၄) ရှေးဦးသူနာပြုသေတ္တာ၊ ဆေးဝါးများစုဆောင်းပြီး လိုအပ်လျှင် အဆင်သင့်ရနိုင်စေရန် ပြင်ဆင်ထားပါ။  (၅) ကယ်ဆယ်ရေးအဖွဲ့များဖွဲ့ပြီး တာဝန်များသတ်သတ်မှတ်မှတ်ပေးပါ။ ဥပမာ - ကလေးနှင့် လူကြီးသူမများ ကယ်ဆယ်ရေးအဖွဲ့၊ သဲအိတ်များ စုဆောင်းနေရာချထားရေးအဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ အစားအသောက်စုဆောင်းရေးအဖွဲ့၊ တဲဆောက်လုပ်ရေးအဖွဲ့ အစရှိသဖြင့်။ (၆) ဤအဖွဲ့များကို တကယ်ရေကြီးလာလျှင် အဆင်သင့်ဖြစ်နေစေရန် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်ထားပါ။ ဥပမာ - တဲထိုးနည်း၊ ရှေးဦးသူနာပြုစုနည်း၊ လှေလှော်နည်း အစရှိသဖြင့်။ (၇) ရေလျှံလာလျှင် သုံးနိုင်ရန် လှေ၊ ၀ါးဖောင် စသည်တို့ အဆင်သင့် ပြုလုပ်ထားပါ။ (၈) ရေဘေးကြုံလာလျှင် စိတ်အားမငယ်ကြရန်၊ အထိတ်တလန့် မဖြစ်ကြရန် အားပေးရမည့်အစီအစဉ်များကိုလည်း စနစ်တကျပြင်ဆင်ထားပါ။ (၉) အခြားရွာ၊ အဖွဲ့များနှင့် အဆက်ပြတ်မနေစေရန် ဆက်သွယ်ရေး နည်းလမ်းများကိုလည်း ကြိုတင်ကြံဆထားပါ။

ထို့ကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွားသည့်အခါ လူအသေအပျောက်နှင့် ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် သက်ဆိုင်ရာတို့အနေဖြင့် စီမံကိန်းများချကာ အလေးထားဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Most Read

Most Recent