နာမည်ကျော် ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် PSG အသင်း အလိုမရှိသည့် ကစားသမား (၅) ဦးထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ယခုနွေတွင် အသင်းမှထွက်ခွာခွင့်ပြုထားကြောင်း ပြင်သစ်သတင်းစာ RMC Sport က ဖော်ပြခဲ့သည်။
PSG အသင်းနည်းပြ အန်နရီကေးနှင့် အသင်းအားကစားဒါရိုက်တာဖြစ်သူ အိုကမ်ပို့စ်တို့သည် အသင်းတွင် ဆက်မထားလိုသည့် ကစားသမားများ (၅)ဦးနှင့်တွေ့ဆုံကာ ယခုနွေတွင် အသင်းမှထွက်ခွာနိုင်ကြောင်း သတိပေးခဲ့ရာ ယင်းထဲတွင် နေမာလည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။
အသက် (၃၁) နှစ်အရွယ်ရှိ နေမာသည် သြဂုတ်လအစောပိုင်းတွင် အသင်းတာဝန်ရှိသူများအား ယခုနွေတွင် အသင်းမှထွက်ခွာလိုသည်ဟု အကြောင်းကြားခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။
ယခုအခါ RMC Sport က PSG အသင်းနည်းပြ အန်နရီကေးနှင့် အားကစားဒါရိုက်တာ အိုကမ်ပို့စ်တို့သည် နေမာ၊ ဗာရက်တီ၊ အီကီတီ၊ ဘားနတ်နှင့် ရီနာတိုဆန်းချက်စ်တို့အား တွေ့ဆုံကာ အသင်း၏စီမံကိန်းတွင် ပါဝင်ခြင်းမရှိသဖြင့် ယခု နွေတွင် အသင်းမှထွက်ခွာနိုင်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
နေမာနှင့် ဗာရက်တီတို့သည် ယခုနွေတွင် PSG အသင်း ရောင်းထုတ်ရန် စျေးကွက်တင်ခံထားရသည့် ပြင်သစ်တိုက်စစ်မှူး ဘာပေနှင့်အတူ သြဂုတ် (၈) ရက် နှင့် (၉) ရက်နေ့များတွင် အသင်းနှင့်လေ့ကျင့်ခန်းဆင်းခဲ့ ခြင်းမရှိကြောင်းလည်း RMC Sport က ဖော်ပြခဲ့သည်။
နေမာသည် ၂၀၁၇ ခုနှစ်တွင် ဘာစီလိုနာအသင်းမှ PSG အသင်းထံသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
သို့သော် ၎င်းသည် PSG အသင်းတွင် ထင်မှတ်ထားသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ဒဏ်ရာပြဿနာများ မကြာခဏ ရရှိတတ်ခြင်းကြောင့် အသင်းပရိသတ်များသည် ၎င်းကို စိတ်ကုန်နေကာ အသင်းမှထွက်ခွာရန် ဆန္ဒပြမှုများ ရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် နေမာကိုယ်တိုင်ကလည်း PSG အသင်းတွင် မပျော်မရွှင်ဖြစ်နေပြီး ဘာစီလိုနာအသင်းထံသို့ပြန်လည်ပြောင်းရွှေ့ရန် ဆုံးဖြတ်ထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
သို့သော် ဘာစီလိုနာအသင်းအနေဖြင့် ဘဏ္ဍာရေးပြဿနာများနှင့် ရင်ဆိုင်နေရသည့်အတွက် နေမာကို ပြန်လည်ခေါ်ယူရန် မဖြစ်နိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိနေသည်။
လက်ရှိတွင် နေမာအား ခေါ်ယူရန် တိုက်စစ်မှူး ရှာဖွေနေသည့် ချယ်လ်ဆီးအသင်းက စိတ်ဝင်စားနေကြောင်းလည်း သိရှိရသည်။
ယခုနွေရာသီတွင် ငွေကြေးများစွာသုံးစွဲထားသည့် ဆော်ဒီလိဂ်ကလပ်များနှင့် မက်ဆီကို ခေါ်ယူထားသည့် မေဂျာလိဂ်ကလပ်များကလည်း နေမာကို ခေါ်ယူလိုနေကြောင်း သိရသည်။















