စင်ကာပူနိုင်ငံ၏ အဓိကဘဏ်တစ်ခုဖြစ်သည့် United Overseas Bank (UOB) သည် မြန်မာနိုင်ငံနှင့် ဘဏ်အချင်းချင်း ချိတ်ဆက်လုပ်ဆောင်မှုများကို အဆုံးသတ်မည်ဖြစ်ကြောင်း Nikkei Asia သတင်းဌာနက သြဂုတ် ၉ ရက်တွင် ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က မြန်မာနိုင်ငံ၏ ဘဏ်များသို့ ပေးပို့ခဲ့သည့် လျှို့ဝှက်အဆင့် ပေးစာထဲတွင် မြန်မာနိုင်ငံ၏ ဘဏ်အကောင့်များမှ ငွေအသွင်း၊ အထုတ် အားလုံးကို ကန့်သတ်မည်ဖြစ်ကြောင်းနှင့် UOB ဘဏ်အတွင်း ငွေကြေးလွှဲပြောင်းမှုကိုသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံသားများနှင့် ဘဏ်များအတွက် Visa card နှင့် Mastercard အသုံးပြုသည့် ဝယ်ယူမှုများကို တင်းကျပ်စွာ ကန့်သတ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သဖြင့် UOB အတွင်းရှိ ဘဏ်အကောင့်များ အချင်းချင်းသာ ဝန်ဆောင်မှုရရှိနိုင်တော့မည်ဖြစ်သည်။
ဟောင်ကောင်တွင် နိုင်ငံခြားငွေများ လက်ခံနိုင်ရန် ဖွင့်ထားသည့် မြန်မာဘဏ်များ၏ Nostro ဘဏ်အကောင့်များကိုလည်း ပိတ်တော့မည်ဟု UOB က ကြေညာခဲ့သည်။
UOB ဘဏ်သည် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ပြည်ပတွင် အသုံးပြုသည့်ဘဏ်အဖြစ် လူသိများထင်ရှားသည်။
UOB ဘဏ်၏ မူဘောင်အသစ်ကို စက်တင်ဘာ ၁ ရက်တွင် စတင်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာအပါအဝင် အဓိကငွေကြေးအားလုံးအပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။
အသစ်ချမှတ်မည့် အဆိုပါမူဘောင်နှင့်ပတ်သက်ပြီး UOB က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
“ကျွန်တော်တို့ဟာ ဖောက်သည်တွေနဲ့ ဆက်ဆံရေးအပေါ် မှတ်ချက်မပေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေနဲ့ ငွေကြေးလွှဲပြောင်းမှု လုပ်ငန်းစဉ်တွေအတွက် ဆက်လက်ပြီး ဝန်ဆောင်မှုပေးသွားမှာပါ” ဟု UOB ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။















