မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကြီးများ ဖော်ဆောင်မှုရပ်တန့်ခဲ့သဖြင့် နိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက် ရာခိုင်နှုန်း ၅၀ ကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးဟု နစကဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကြီးများ ဖော်ဆောင်မှုရပ်တန့်ခဲ့သဖြင့် နိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက် ရာခိုင်နှုန်း ၅၀ ကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးဟု နစကဥက္ကဋ္ဌ ပြောကြား
Published 9 August 2023

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းကြီးများ ဖော်ဆောင်မှုရပ်တန့်ခဲ့သဖြင့် နိုင်ငံ၏လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရာခိုင်နှုန်း ၅၀ ကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

သြဂုတ် ၈ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမတွင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတစ်ခုတွင် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိနေရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များရှိနေသေးပြီး ယခုအချိန်အထိ နိုင်ငံလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းကြီးများမှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရကြောင်း၊ အဆိုပါလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မည်ဆိုပါက ယခုအချိန်တွင် မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို များစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် မိမိတို့အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေပြီး လတ်တလောဆောင်ရွက်နိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် လေအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ စပါးခွံသုံးဓာတ်ငွေ့လောင်စာအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိမှသာလျှင် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စားရေရိက္ခာဖူလုံမှုရှိစေရေး၊ လမ်းပန်းဆက်သွယ်မှုများကောင်းမွန်စေရေး၊ ပညာရည်မြင့်မားစေရေး၊ သက်ရှည်ကျန်းမာမှုရှိစေရေးနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိစေရေးတို့ကို မိမိတို့အစိုးရအနေဖြင့် အဓိကဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့် မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။