နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (Treaty on the Non-Rroliferation of Nuclear Weapons-NPT) ပြန်လည်သုံးသပ်ရေးလုပ်ငန်းစဉ်၏ လုပ်ငန်းအဖွဲ့အစည်းအဝေးကို သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ဇူလိုင် ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ရာ NPT အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ ဗီယင်နာမြို့အခြေစိုက်ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရသည်။
NPT အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စာချုပ်အား လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်နေမှုအပေါ် ပြန်လည်သုံးသပ်သည့်လုပ်ငန်းစဉ်များ ပိုမိုထိရောက်အကျိုး ဖြစ်ထွန်းစေရေး၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိရေး၊ ပူးပေါင်းညှိနှိုင်းမှုနှင့် စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက် အကြံပြုချက်များကို တင်ပြနိုင်ရန် ၂၀၂၂ ခုနှစ်တွင် နယူးယောက်မြို့၌ ကျင်းပခဲ့သည့် NPT စာချုပ် အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ၏ (၁၀) ကြိမ်မြောက်ညီလာခံ၌ အထက်ပါလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထူထောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် NPT စာချုပ်အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးဆိုင်ရာအဖွဲ့ဝင်နိုင်ငံများ၏ (၁၁) ကြိမ်မြောက် ညီလာခံအတွက် ကြိုတင်ပြင်ဆင်ရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၁၁ ရက်အထိ ဗီယင်နာမြို့၌လည်းကောင်း၊ ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၂၄ ခုနှစ်တွင် ဂျီနီဗာမြို့၌လည်းကောင်း၊ တတိယအကြိမ်အစည်းအဝေးကို ၂၀၂၅ ခုနှစ်တွင် နယူးယောက်မြို့၌ လည်းကောင်း ကျင်းပမည်ဖြစ်ပြီး၊ ကော်မတီအစည်းအဝေးများသို့ လုပ်ငန်းအဖွဲ့အစည်းအဝေးများက အကြံပြုချက်များ တင်ပြနိုင်ရေး ဆွေးနွေးညှိနှိုင်းရမည်ဖြစ်ကြောင်း သိရသည်။
ယခုကျင်းပပြီးစီးခဲ့သည့် လုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးတွင် အကြံပြုချက်မူကြမ်းများ အဆိုပြုဆွေးနွေးညှိနှိုင်းခဲ့သော်လည်း တူညီဆန္ဒမရရှိခြင်းကြောင့် အတည်ပြုနိုင်ခြင်းမရှိဖြစ်ခဲ့ကြောင်း သိရသည်။