ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခန့်၊ ဖောင်းပြင်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်လက်မခန့် ကျော်လွန်ရောက်ရှိနေသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုနေထိုင်ပါရန် ဇူလိုင် ၁၈ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ မြစ်ရေကြီးခြင်းသတိပေးချက်အနေဖြင့် မြန်မာစံတော်ချိန် ၈ နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင်လည်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ တစ်လက်မခန့်တွင် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်နှစ်ရက်အတွင်း တစ်ပေခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ယင်းအတွက်ကြောင့် ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် မိုးဇလက အသိပေးထုတ်ပြန်ထားသည်။
ဇူလိုင် ဒုတိယ(၁၀)ရက်ပတ်အတွင်း မြစ်ရေခန့်မှန်းချက်အနေဖြင့် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ငါးပေမှ ၁၀ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။
အလားတူ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်းမြို့၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦးမြို့၊ ချောက်၊ မင်းဘူး၊ မကွေးနှင့် အောင်လံမြို့တို့တွင် သုံးပေခွဲမှ ငါးပေခွဲခန့်၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် နှစ်ပေမှ သုံးပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။
မြစ်သာမြစ်ရေသည် ကလေးမြို့တွင် နှစ်ပေခန့်၊ ဒုဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် တစ်ပေမှ သုံးပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် တစ်ပေခွဲမှ နှစ်ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် တစ်ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တွင် နှစ်ပေမှ သုံးပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် နှစ်ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် တစ်ပေခွဲခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တွင် တစ်ပေခွဲမှ နှစ်ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် နှစ်ပေခွဲခန့်၊ ကုလားတန်မြစ်ရေသည် ပလက်ဝမြို့နှင့် ကျော်တော်မြို့တွင် တစ်ပေမှ သုံးပေခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် တစ်ပေခွဲခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် နှစ်ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း မိုးဇလမှ သိရသည်။
အလားတူ ဇူလိုင်လအတွင်း မြစ်ရေခန့်မှန်းချက်အနေဖြင့် ဧရာဝတီမြစ်ရေသည် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦးမြို့၊ ဆိပ်သာ၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် တစ်ကြိမ်ခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် တစ်ကြိမ်ခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။
ဒုဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် တစ်ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် တစ်ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် တစ်ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် တစ်ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် တစ်ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တွင် တစ်ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ကြိမ်ခန့်၊ ကုလားတန်မြစ်ရေသည် ကျော်တော်မြို့တွင် တစ်ကြိမ်ခန့်၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် တစ်ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် တစ်ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးဇလမှ သိရသည်။















