မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီး တွေ့ဆုံ၍  နှစ်နိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေးကိစ္စများ ဆွေးနွေး

မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီး တွေ့ဆုံ၍  နှစ်နိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေးကိစ္စများ ဆွေးနွေး
Published 17 July 2023

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇူလိုင် ၁၆ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာနှင့် ဒေသစံတော်ချိန် ၁၀ နာရီတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်နှင့်အညီ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီးတို့သည် မြန်မာ-အိန္ဒိယအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား နှစ်နိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး၊ ပေါင်းစည်းချိတ်ဆက်မှုကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေး၊ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘင်းမ်စတက်အပါအဝင်ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။